Season (2) - Chapter (20)

2.5K 212 19
                                    

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2) – Chapter (20)

လှိုဏ်ဂူထဲတွင် ဟီဒယ်သည် အဆိပ်မိနေသောအစ်ကိုတော်ကို တစ်ညလုံးပွေ့ဖက်ကာ ပုန်းအောင်းနေစဉ် အဆိပ်ဒဏ်ကြောင့် သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသော အစ်ကိုတော်ကိုကြည့်ရင်း မျက်ရည်တို့ စီးကျလာခဲ့သည်။

"ဟင့်အင်း.. အစ်ကိုတော် မသေရဘူး.. အားတင်းထားပါ.. ညီမကိုချစ်တယ်ဆို.. ညီမကို ချစ်တယ်ဆိုရင် အန္တရာယ်ကြားမှာထားပြီး တမလွန်ကို ထွက်မသွားရဘူး.."

ဟီဒယ်က ထန်လိုခိကို တင်းကျပ်စွာဖက်ကာ နားနားကပ်ပြီး ငိုကြွေးရင်း ပြောနေမိသည်။ ဒါပေမယ့် ထန်လိုခိက ဘာမှမတုံ့ပြန်နိုင်တော့ပေ။ တစ်ကိုယ်လုံးရှိသွေးကြောများထဲ ပိုးကောင်ပေါင်းများစွာက ဝင်ရောက်ကိုက်ခဲနေသလို ခံစားနေရသောကြောင့် အသံထွက်မညည်းမိအောင် တောင့်ခံရင်း သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည်။

ဟီဒယ်သည် အစ်ကိုတော်၏ပါးပြင်ကို နမ်းရှိုက်ကာ ရင်ထဲမှစကားကို ဖွင့်ဟပြောလာတော့သည်။

"အစ်ကိုတော့်ကို ညီမ အသည်းနင့်အောင်ချစ်တယ် ဆိုတဲ့အကြောင်း မပြောရသေးဘူး.. အစ်ကိုတော်က ညီမရဲ့အချစ်ဦးဆိုတာ မပြောရသေးဘူး.. အစ်ကိုတော် ပထမဆုံးကြင်ယာတော်နဲ့ လက်ထပ်တဲ့အချိန်က ညီမအသည်းတွေ ကွဲကြေခဲ့ရတာ မပြောရသေးဘူး.. ပြီးတော့ ခုပြန်သွားပြီးရင် အစ်ကိုတော့်ကို ညီမ လက်ထပ်မယ်ဆိုတာ မပြောရသေးဘူး.. ဒါကြောင့် အစ်ကိုတော် သေလို့မဖြစ်ဘူး.."

ထန်လိုခိသည် ဝေဒနာကြားက ဒီစကားကိုကြားတော့ ရင်ထဲနွေးလာပြီး နာကျင်မှုကို ဘယ်နည်းနှင့်မဆို တောင့်ခံဖို့ အားအင်တွေရှိလာခဲ့သည်။ ညီမတော်ဆီက ကြားရတဲ့စကားက မိမိသေလုအောင် ကြားချင်နေတဲ့စကားတွေဆိုတာ ပြန်မပြောနိုင်သေးပေမယ့် ဟီဒယ်ရဲ့လက်ဖဝါးကိုဆုပ်ကိုင်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဟီဒယ်သည် သတိနည်းနည်းရလာသော အစ်ကိုတော်ကြောင့် ဝမ်းသာစွာဖြင့် မျက်ရည်ကျကာ ပါးချင်းအပ်ပြီး ကတိပေးလိုက်သည်။

"ဒီနေရာကနေလွတ်မြောက်သွားရင် အစ်ကိုတော့်ကို လက်ထပ်မယ်.."

••••••••••••••••••••••••••••••

ဝူမင်းသားသည် မယ်တော်၏ဈာပနတွင် မျက်ရည်မကျသော်လည်း မျက်ဝန်းတစ်စုံက အေးစက်လို့သွားသည်။ ဆူမီရာ.. ဒီနာမည်ကို အကြိမ်ကြိမ်ရေရွတ်နေရင်း ဝေဒနာဖြင့်သေဆုံးသွားသော မယ်တော်ကို ပြန်မြင်ယောင်ကာ ရှေ့ဆက်မည့်အစီစဉ်တို့ ပိုမိုပြတ်သားလာတော့သည်။

"မင်းတို့က ငါ့ကို အဆုံးစွန်ထိတွန်းပို့တော့လည်း ဖြစ်လာသမျှကို မင်းတို့ပဲ တာဝန်ယူကြပေတော့.."

မီဒယ်သည် ပြောင်းလဲသွားသော ခင်ပွန်းသည်ကိုကြည့်ကာ ရင်ထဲထိပ်နေမိသည်။ ခါတိုင်းလို အေးဆေးငြိမ်သက်ကာ နူးညံ့သည့်မျက်ဝန်းများက အေးစက်စက်နှင့် ရက်စက်ရိပ်တို့ ထင်ဟပ်နေသဖြင့် မိမိခင်ပွန်းက ထင်ထားသလို နူးညံ့သူမဟုတ်မှန်း သိသွားသည်။ ဝူမိဖုရားခေါင်ကြီး အဆိပ်နှင့်ကွယ်လွန်သွားသည့် ကိစ္စတွင် ဆူမီရာက ချူလူလူ၏မိခင်ကို ဦးစားပေးကုသပေးနေသောကြောင့် ဖြစ်ရသည်ဆိုတာသိရတော့ မီဒယ် ဆူမီရာကိုစိတ်ဆိုးမိသည်။ ချူလူလူကို အစ်မတော် ဟီဒယ်ထက် ပိုခင်သည်ဟုတွေးကာ ပြန်တွေ့လျှင် ရန်တွေ့မည်ဟု တေးထားလိုက်သည်။

ဝူမင်းသားသည် ဈာပနသို့တက်ရောက်လာသည့် အာနန်တမန်တော်များကို အေးစက်စက်သာ ဆက်ဆံလိုက်သည်။ အာနန်ပြည် အင်အားကြီးတော့ ဘာလုပ်ရမှာလဲ။ ကုလန်က စစ်တပ်ကြီးဖွဲ့ထားနိုင်တော့ရော ဂရုစိုက်စရာလား။ ရန်သူရဲ့ရန်သူက မိတ်ဆွေဆိုတော့ မိမိမှာ မိတ်ဆွေဖွဲ့စရာ အင်အားကြီးမင်းသားတစ်ပါးလုံး ရှိနေသည်မဟုတ်ပါလား။ ဒါကြောင့် ဈာပနပြီးသည်နှင့် ဝူမင်းသားသည် နန်းတော်အပြင်ဘက်တွင် ယွမ်ချူးခန်နှင့် တိတ်တဆိတ်တွေ့ဆုံကာ ပူးပေါင်းလိုက်တော့သည်။ ဆူမီရာကိုကာကွယ်ပေးလျှင် ထိုလူကို မိမိတိုက်ခိုက်ပစ်ရမည်။

ယွမ်ချူးခန်က ဆူမီရာ့ကို ကြိုက်နေတာ သိတာပေါ့။ ဆူမီရာက ကုလန်ကိုချစ်ပြီး ယွမ်ချူးခန်ကို ငြင်းပယ်ထားသဖြင့် ယွမ်ချူးခန်က ဆူမီရာ့ကို သူ့နောင်တော်လက်ထဲကလုယူဖို့ ကြိုးစားနေခြင်းဖြစ်သည်။ ဒီတော့ ယွမ်ချူးခန်ကိုကူညီပြီး ဆူမီရာနှင့်ကုလန် ကွဲအောင်လုပ်လိုက်လျှင်၊ ယွမ်ချူးခန်လက်ထဲ ဆူမီရာရောက်အောင် ကူညီပေးလိုက်လျှင် ဆူမီရာနှင့်ကုလန်ကို တစ်ခါတည်း ရိုက်ချပြီးသားဖြစ်လိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိမယ်တော်ရဲ့အသက်ကို လျစ်လျှူရှုလိုက်သည့် ဆူမီရာကို ဒီတစ်သက် စိတ်လက်ချမ်းသာစွာ နေခွင့်မရှိအောင်လုပ်မည်ဟု ဝူမင်းသား ဆုံးဖြတ်ချက်ချလိုက်သည်။

••••••••••••••••••••••••••••••

လုတိုင်းပြည်၏ညီလာခံတွင် တိုလုအီက ချိုနန်နှင့်အတူ ခမည်းတော်ရှေ့တွင်ရပ်ကာ မိမိ ချိုနန်နှင့်လက်ထပ်ချင်ကြောင်း၊ ဒီလက်ထပ်ပွဲကို လက်ခံပေးရန် တောင်းဆိုလိုက်သဖြင့် ညီလာခံတစ်ခုလုံး ပွက်ပွက်ညံသွားတော့သည်။

"မင်း ရူးသွားပြီလား တိုလုအီ.. မင်းက ရွှေဥာဏ်ရှင်တစ်ယောက်ဖြစ်ပြီး ဘာကြောင့် အဓိပ္ပါယ်မရှိတဲ့ကိစ္စကို အရှက်မရှိ ပြောရတာလဲ.."

မင်းကြီးက ဒေါသတကြီးနှင့် သားတော်ဖြစ်သူကို စူးစူးဝါးဝါးကြည့်ကာ ပြောလိုက်သည်။ မှူးမတ်များကလည်း လုတိုင်းပြည်၏ အိမ်ရှေ့စံတစ်ယောက်အနေဖြင့် ယောက်ျားတစ်ယောက်ကို တရားဝင်လက်မထပ်သင့်ကြောင်း ဝိုင်းဝန်းကန့်ကွက်ကြသည်။

"လူလူချင်း ချစ်လို့လက်ထပ်တာ အရှက်မရှိတာလား ခမည်းတော်ဘုရား.."

"ချစ်တယ်.. .. ယောက်ျားတစ်ယောက်နဲ့ လက်ထပ်တာ ချစ်လို့ပါဆိုပြီး မင်း ဘယ်လိုမျက်နှာနဲ့ ပြောထွက်ရဲတာလဲ တိုလုအီ.. မင်းက ဒီကောင်လေးနဲ့ သွေးသားတပ်မက်တယ်ဆိုရင် ကိုယ်လုပ်တော်အဖြစ် ထားချင်ထား.. အတိုင်းတိုင်းအပြည်ပြည်က ကြားလို့မကောင်းအောင် လက်ထပ်ချင်ကြောင်း ထပ်မပြောနဲ့.. ငါတို့လုတိုင်းပြည်မှာ ဘယ်တုန်းကမှ ယောက်ျားတစ်ယောက်ကို မိဖုရားအဖြစ် တရားဝင်တင်မြှောက်တဲ့ ထုံးစံမရှိဘူး.. အခုချက်ချင်း မင်းရဲ့အပျော်လင်ကိုခေါ်ပြီး ငါ့ရှေ့ကထွက်သွားတော့..."

ချိုနန်သည် ညီလာခံတစ်ခုလုံး ပေါက်ကွဲလုမတတ် ဝိုင်းဝန်းပြောဆိုကာ အထင်သေးရှုံ့ချနေသည့်တိုင် သူ့ကိုမပြောသလို မျက်နှာမပျက်ဘဲ တိုလုအီဘေးတွင် စိတ်အေးလက်အေးအမူအယာနှင့် သက်တောင့်သက်သာ ရပ်လို့နေသည်။

လုမင်းကြီးက ချောမောလှပသည့်ရုပ်ရည်နှင့် အေးဆေးကာ အရှိန်အဝါတစ်မျိုး ထွက်နေသည့်လူငယ်ကို သတိထားမိသည့်တိုင် မိမိသားတော်က ယောက်ျားတစ်ယောက်နှင့် တရားဝင်လက်ထပ်ချင်သည်ဆိုသည့် အကြောင်းကိစ္စကြီး ဖိစီးနေသောကြောင့် ချိုနန်ကို ဘယ်သူဘယ်ဝါရယ်လို့ သတိမထားမိလိုက်ပေ။

တိုလုအီက ခမည်းတော်ကိုစိုက်ကြည့်ကာ တည်ငြိမ်စွာဆက်ပြောလိုက်သည်။

"ခမည်းတော်ဘုရား.. နားနဲ့မနာ ဖဝါးနဲ့ နာတော်မူပါ.. ဒီအမျိုးကောင်းသားကို လွန်ခဲ့တဲ့ငါးနှစ်က သားတော် အရက်မူးပြီး သူ့ရဲ့ဖြူစင်မှုကို အတင်းအကျပ် ရယူခဲ့မိပါတယ်.. ပြီးတော့ ဒီရက်ပိုင်း သားတော် သူ့အပေါ် ထပ်မံလွန်ကျူးခဲ့မိပါတယ်.. ဒါကြောင့် ခမည်းတော်သဘောမတူပေမယ့် သားတော် သူ့ကို တရားဝင်လက်ထပ်ပေါင်းသင်းမယ့်အကြောင်း ခမည်းတော်ကို လာပြီးလျှောက်တင်တာပါ.."

"မင်း.. မင်းက.. ငါ့ကို ခမည်းတော်လို့ အသိအမှတ်ပြုသေးရဲ့လား တိုလုအီ.."

"ခမည်းတော်ကို အသိအမှတ်ပြုလို့ သားတော် လာရောက် အကြောင်းကြားရတာဖြစ်ပါတယ် ခမည်းတော်.."

"ကောင်းပြီ.. မင်း သူ့ကိုလက်ထပ်ရင် အိမ်ရှေ့မင်းရာထူးကို စွန့်လွှတ်ရမယ်.."

"သားတော် အိမ်ရှေ့မင်းရာထူးကို စွန့်လွှတ်ပါ့မယ်.. ဒါ.. သားတော်ရဲ့တံဆိပ်တုံးပါ.. သားတော်ကို ခွင့်လွှတ်ပေးပါ ခမည်းတော်.."

တိုလုအီသည် တံဆိပ်တုံးကိုပြန်အပ်ကာ ခမည်းတော်ကို အရိုအသေပေးပြီး ချိုနန်ရဲ့လက်ကိုဆွဲလို့ ညီလာခံခန်းမမှ ထွက်လာခဲ့သည်။ ချိုနန်သည် တိုလုအီဆွဲခေါ်ရာနောက်ကို လိုက်လာခဲ့ပြီး အပြင်ရောက်မှ မေးလိုက်သည်။

"နောင်တော်.. နောင်တရနေလား.."

"ငါ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဘာပဲဖြစ်လာဖြစ်လာ နောင်တမရဘူး.. ကဲ.. ငါ့ကတိအတိုင်း ခမည်းတော်ကို ဖွင့်ပြောပြီးပြီ.. ငါတို့ မနက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ဘုရားဆင်းတုတော်ရှေ့မှာ အကြင်လင်မယားအဖြစ် ကတိပြုမယ်.. ပြီးရင် မင်းညီလက်ထဲကနေ ချူလူလူကို လွတ်အောင် ကယ်ထုတ်ပေးပေတော့.."

ချိုနန်သည် ရင်ထဲနာကျင်သွားသော်လည်း အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ဘယ်လောက်ပဲ နာကျင်ရပါစေ၊ ဒီလူရဲ့လက်ကို မိမိ ဘယ်တော့မှ လွှတ်မည်မဟုတ်ပေ။ မိမိ၏အချစ်ဦးကို လက်ထပ်ပိုင်ဆိုင်ရပြီဖြစ်လို့ သူ့ရဲ့ဆုံးရှုံးသွားတဲ့ဂုဏ်သိက္ခာကို တက်အောင် မိမိပြန်လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ချိုနန်ဆိုတာ သူချစ်သည့်လူကို ရအောင်ယူတတ်သလို ရပြီးလျှင်လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာတွေ ရအောင်ယူပေးပြီး ချစ်ခြင်းကို ပြသတတ်သူဆိုတာ နောင်တော်တိုလုအီ သိရစေမည်။ မေတ္တာဆိုတာ အသွားအပြန်ရှိတာကို ချိုနန်ယုံကြည်သည်။ အရာအားလုံးပြီးဆုံးသွားလျှင် ဘယ်သူက နောင်တော့်ကို အချစ်စစ်နှင့်ချစ်သည်ဆိုတာ နောင်တော်သိလာမှာပါ.. ဒီကြားထဲကာလတွင်တော့ နောင်တော်၏ရင်ထဲ မြားစိုက်နေသလို ခံရခက်နေပေလိမ့်မည်။ ရွှေဥာဏ်ရှင်ဖြစ်လျက် မိမိထောင်ချောက်ထဲရောက်ပြီး လက်ထပ်လိုက်ရသည့်ကိစ္စကို တွေးပြီးတိုင်း ဒေါသထွက်ကာ နောင်တော် မိမိကို နှိပ်စက်ပေလိမ့်မည်။ ဒါပေမယ့် မိမိက နောင်တော့်ကို ချစ်ရသူပီပီ ဘာပဲပေးလာပေးလာ ကျေနပ်နေမှာပဲဖြစ်သည်။

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now