Chapter (33)- နဂါးဖြူ၏ ရန်စခြင်း အနုပညာ (Z+U)

1K 161 13
                                    

Chapter (33)- နဂါးဖြူ၏ ရန်စခြင်း အနုပညာ (Z+U)

ရုမာသီသည် အရှင်ကုလန်၏ အမိန့်စာကြောင့် စစ်တပ်ကို ကြိုတင်ပြင်ဆင်ဖို့ စစ်ရေးအစည်းဝေးကို ခေါ်ယူအပြီး အတွင်းဝန် ထံမှ သတင်းရောက်လာခဲ့သည်။

" အရှင်.... ကုန်သည်လှေတစ်စင်းက ကမ်းကပ်ခွင့်တောင်းနေပါတယ် "

" ခွင့်မပြုနဲ့... "

" သူတို့က ဒီဓါးမြှောင်ကို ပေးခိုင်းလိုက်ပါတယ် အရှင် "

ရုမာသီက ထိုဓါးမြှောင်ကိုတွေ့တော့ မျက်နှာပျက်သွားသည်။ ယွမ်ချူးခန်ဆိုသည့်အကောင်က  ငွေတောင်မင်းသား ဆူမီရာကို ခေါ်ကိုများ ဓါးစာခံလုပ်ထားလေ ရော့သလားဟု တွေးပူကာ ချက်ချင်း အမိန့်ပေးလိုက်သည်။

" ဒါ... အရှင် ဆူမီရာကို ပေးထားတဲ့ ဓါးမြှောင်ပဲ။ ဝင်ခွင့်ပြုလိုက်။ အပါးတော်မြဲကြီး....သူတို့ကို နန်းတော်ထဲ ဖိတ်ကြားခဲ့။  "

အပါးတော်မြဲလည်း မင်းကြီး၏ အမူယာကြောင့် အရေးကြီး လူမှန်းသိလိုက်ကာ အမြန်ပြေးပြီး ဖိတ်ကြားလိုက်သည်။

" ဧည့်သည်တော်များကို အရှင်မင်းကြီးက နန်းတော်ထဲ ဖိတ်ကြားလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကြွပါ "

ယွမ်ချူးခန်က ပြုံးစေ့စေ့နှင့် ဆူမီရာ၏ လက်ကိုဆွဲကာ လှေပေါ်မှ ဆင်းလာခဲ့သည်။

" ကောင်းပြီ.... "

ဆူမီရာက သူ့လက်ထဲမှ ရုန်းကာ မေးလိုက်သည်။ ဒီကောင်ယွမ်ချူးခန်က နောင်တော်၏ လက်အောက်ခံ ဝိဇယပြည်ကို တမင်သက်သက် ရုပ်မဖျက်ပဲ ဘာကြောင့် အတင်းဝင်ချင်သည်ကို နားမလည်တော့ပေ။ နောင်တော် ကုလန်နှင့် တမင်သက်သက် ရန်များဖြစ်ချင်နေရော့သလား။


" မင်း ဘာကြောင့် ရုမာသီရဲ့နန်းတော်ထဲကို အတင်းဝင်ချင်ရတာလဲ ယွမ်ချူးခန်။ သူ မင်းကို ဖမ်းချုပ်ထားမှာကို မကြောက်ဘူးလား "

" မင်း တစ်ယောက်လုံးပါနေတာ။ ငါ့ကို သူ လက်ဖျားနဲ့ ထိရဲမှာလား။ ဝိဇယကျွန်းက အင်မတန်လှတယ်ကြားလို့ မင်းနဲ့ အတူ လေ့လာချင်ရုံလေးပါ။ စိတ်မပူစမ်းပါနဲ့။ ငါက ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ပါဘူးကွ "

ယွမ်ချူးခန်က ဆူမီရာ၏ လက်ကိုလွှတ်ကာ ပုခုံးကို သိုင်းဖက်ပြီး နားနားကပ်ကာ ပြောလိုက်သည်။

ဝိဇယပြည်မှ အကြိုတော်လွှတ်သည့် အဖွဲ့က မသေမျိုးတစ်ဦးလို ချောမောသည့် လူငယ်တစ်ဦးက မိုးဆမ်းပန်းနှယ် လှပသည့် အာနန်ပြည်၏ အိမ်ရှေ့ကြင်ယာတော်လောင်း သမားတော် ဆူမီရာကို အရမ်းကို ရင်းနှီးသူပမာ ဖက်ကာ တီးတိုး ပြောနေသဖြင့် စိတ်ဝင်တစား အကဲခတ်နေကြသည်။

"မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ယွမ်ချူးခန်။ ရုမာသီက နောင်တော့်လက်အောက်က လက်ရွေးစင် သူရဲကောင်းတစ်ယောက်ဆိုတာ မမေ့နဲ့။ နောင်တော့်ဆီက သတင်းကိုလည်း ရပြီးနေလောက်ပြီ။ မင်းငါ့ကို ထားခဲ့ပြီး ထွက်သွားပါတော့ကွာ... မင်းကို လိုက်မဖမ်းဖို့ ငါ ရုမာသီကို ပြောပေးပါ့မယ်  "

ဆူမီရာက သူ့ကို တွန်းဖယ်လွှတ်ကာ ပြောလိုက်သည်။

"  မင်း ငါ့ကို စိုးရိမ်တာလား မီရာ။ ဟား...ဝမ်းသာသွားပြီ။ မင်းက ငါ့ကို သံယောဇဉ်ရှိသေးတာပဲ။ ငါ့ဘက်က မျှော်လင့်ချက် ရှိသေးတာပေါ့.... မင်းကို အရမ်းချစ်သွားပြီ မီရာ"

" မင်း အရူးမထနဲ့။ ဖယ်စမ်းပါ ဒီလက်ကြီးက "

ဆူမီရာက အရူးလို လုပ်နေသည့် ယွမ်ချူးခန်ကို ဖက်မပြောချင်တော့ပဲ ခါးကို လာဖက်တွယ်နေသည့်လက်ကို ဖယ်ချကာ ခပ်တင်းတင်းပြောလိုက်သည်။


" အရှင်... အခုလာတဲ့သူက နန်ကျောင်အိမ်ရှေ့စံ ယွမ်ချူးခန်ဆိုတာ သေချာပါတယ်။ ကျွန်တော်မျိုးတို့ တပ်ကို အသင့်ပြင်ထားပြီး လှေကို ဝိုင်းထားလိုက်ပါပြီ။ "

ရေတပ်ဗိုလ်မှုးက ရုမာသီကို သတင်းပို့ကာ အမိန့်ကို တောင်းခံလိုက်သည်။ ရုမာသီက ခေါင်းငြိမ့်ကာ ဆူမီရာကို ဦးစားပေး ကယ်ဖို့ ပြောလိုက်သည်။

"  ကောင်းပြီ။ ဘယ်နည်းကိုပဲ သုံးရပါစေ  ငွေတောင်မင်းသား ဆူမီရာကို ရအောင် ပြန်ခေါ်ထားမယ်။ "

" အမိန့်တိုင်းပါ ဘုရား "

ရုမာသီသည် နန်းရှေ့မှာ ကိုယ်တိုင်ထွက်ကြိုရင်း ရထားလုံးပေါ်က ဆင်းလာသည့် ဆူမီရာနှင့် ချောမောလှပသည့် လူငယ်ကိုတွေ့တော့ တမင်သက်သက် ဂုဏ်ဖော်ကာ နူတ်ဆက်လိုက်သည်။
 
" ဝိဇယပြည်က ရုမာသီက အာနန်အိမ်ရှေ့စံ ကြင်ယာတော်လောင်း ဆူမီရာကို အရိုသေပြုပါတယ် "

" ထပါ ရုမာသီ။ အစဉ်လာတွေ မလုပ်ပါနဲ့။  "

ဆူမီရာက ရုမာသီကို ချက်ချင်း ဆွဲထူရင်းပြောလိုက်သည်။ယွမ်ချူးခန်က မဲ့ပြုံးပြုံးကာ ရုမာသီကို လှမ်းခနဲ့လိုက်သည်။


" ဝိဇယပြည့်ရှင်က လက်ရုံးရည်စွမ်းသလို နူတ်စွမ်းလည်း ထက်မြက်ပါပေတယ်။ ရောက်ရောက်ချင်း ကျုပ်ကို စိတ်အနှောက်ယှက် ဖြစ်အောင် လုပ်ရာမှာ ပြောင်မြောက်ပါပေတယ်။  "

" ဒီက မိတ်ဆွေက ဘယ်သူများပါလဲ။ ဘာကြောင့် ကျုပ်တို့ အာနန်အိမ်ရှေ့စံကြင်ယာတော်နဲ့ ဒီလောက် နီးနီးကပ်ကပ်နေရတာပါလဲ "

ရုမာသီက ရုပ်ချောသလောက် နူတ်ထက်လှသည့် နန်ကျောင် အိမ်ရှေ့စံကို စိုက်ကြည့်ကာ မေးလိုက်သည်။

" ဟား...ဟား...ဟား... ကျုပ်ဘယ်သူဆိုတာ သိချင်ရင် မီရာကိုပဲ မေးကြည့်လိုက်လေ....  "

ယွမ်ချူးခန်က ပမာမခန့်ရယ်မောကာ ဆူမီရာ၏ ခါးလေးကို ဖက်ရင်း ပြောလိုက်သည်။

" အရှင် ဆူမီရာ...သူက  "

ရုမာသီက နန်းတော်ထဲက မှုးမတ်အားလုံးရှေ့တွင် တမင်သက်သက် လုပ်ပြနေသည့် ယွမ်ချူးခန်ကို ဒေါသဖြင့် ကြည့်ကာ ဆူမီရာကို မေးလိုက်သည်။

ဆူမီရာက သက်ပြင်းရှိုက်ကာ ပြန်ဖြေလိုက်သည်။ ဒီကောင် ယွမ်ချူးခန်က တမင်သက်သက် ရန်ဖြစ်ရန် ပြင်ဆင်ထားသဖြင့် သူဆင်သည့်အကွက်ထဲ မဝင်စေရန် အမြန်ပြောလိုက်ရသည်။

" သူက ကျွန်တော့် သူငယ်ချင်းပါ။ သူ့ကို စိတ်ထဲ မထားပါနဲ့။ ဒါနဲ့ရုမာသီ... ကျွန်တော်တို့က ကျွန်းရဲ့ရှုခင်းကို ကြည့်ချင်လို့ အလည်လာခဲ့တာပါ။ ဒါကြောင့် ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ် "

" ဂုဏ်ယူစွာနဲ့ လိုက်လံပို့ဆောင်ပေးပါ့မယ် အရှင် ဆူမီရာ ။ အရင်ဆုံး စားသောက်ဖွယ်ရာများကို သုံးဆောင်တော်မူပါဦး"

ရုမာသီက ယွမ်ချူးခန်ကို တိုက်ခိုက်ကာ နောင်ကျဉ်အောင် လုပ်လိုက် ချင်ပေမယ့် ဆူမီရာ၏ မျက်ဝန်းထဲက တားမြစ်ရိပ်ကြောင့် စိတ်ကို ထိန်းကာ ပြောလိုက်ရသည်။ အံကို တင်းတင်းကြိတ်ထားရလို့ မေးကြောကြီးက ထောင်ထလို့နေသည်။

ယွမ်ချူးခန်က ရုမာသီကို ခုလို ဖြစ်အောင်ရန်စရသဖြင့် ကျေနပ်ကာ တဟဲဟဲရယ်နေသည်။ နေ့လည်စာ စားကြတော့ ယွမ်ချူးခန်က အသားဖတ်တစ်ဖတ်ကို တူနှင့်ညှပ်ကာ ဆူမီရာ၏ ပါးစပ်နားထိ တိုးကပ်ကာ ပြောလိုက်သည်။

" မီရာ...ဒီဟာလေးက အရသာရှိတယ်။ စားကြည့်ဦး.. ရော့.... "

" ရတယ် ငါ့ဖာသာစားမယ် "

" ငါက မင်းကို ခွံ့ကျွေးချင်တာ။ ရော့... အမြန်ပါးစပ်ဟ.... "

မသိလျှင် သူတို့နှစ်ဦးက ချစ်စကြင်စ လင်မယားပုံစံနှင့်တူနေသည်။ ဒါက တမင်သက်သက် ရုမာသီကို ရန်စခြင်းဖြစ်လို့ ဆူမီရာက ယွမ်ချူးခန်ကို သတိပေးဟန်ကြည့်ကာ မေးလိုက်သည်။

"  ချူးခန်...မင်း.. တမင်လုပ်နေတာလား.... "

" အိုး...ငါက ကိုယ်ချစ်တဲ့သူကို ခွံကျွေးတာ တမင်လုပ်စရာမလိုပါဘူး။ သူ့အလိုလိုဖြစ်နေတာ။ ရော့ အမြန်စားပါကွာ လိမ်မာတယ် "

ုယွမ်ချူးခန်က အပြစ်ကင်းသည့် လူပမာ မျက်လုံးပေကလက် ပေကလက်နှင့် ပြန်ဖြေလိုက်သည်။ ဆူမီရာက အသက်ကို ပြင်းပြင်းရှုကာ ဒေါသကို ဖြေလျှော့ရင်း ပြောလိုက်သည်။

" မစားနိုင်ဘူး "

" ရက်စက်တယ်ကွာ... နောက်ကျမှ ငါ့ကို အဆိုးမဆိုနဲ့... "

ယွမ်ချူးခန်က ပြုံးလိုက်ပြီး ပြောလိုက်သဖြင့် ဆူမီရာက သူ့လက်ထဲက လူများကို သတိရကာ ဒေါသဖြင့် တလုံး ချင်းပြောလိုက်သည်။

" မင်း..... သေ..ချင်..နေတာ..လား "

" ဒါဆို ပါးစပ်ဟ.... "

ယွမ်ချူးခန်က အောင်မြင်စွာပြုံးကာ ခွံ့ကျွေးလိုက်သည်။ ဆူမီရာက ဒေါသကို မြိုသိပ်ကာ သူ ခွံ့ကျွေးသည့် အသားဖတ်ကို စားလိုက်သည်။

ရူမာသီက ထိုမြင်ကွင်းကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ဒီ နန်ကျောင်မင်းသား ယွမ်ချူးခန်ဆိုသည့်ကောင် အရှက်မဲ့ရာမှာ ကမ်းကုန်နေပါလား။ မိမိတို့ နန်းတော်တစ်ခုလုံးရှေ့ တမင်သက်သက် ဆူမီရာကို ခွံ့ကျွေးလိုက်သည်ဆိုတာက အာနန်ပြည်က စစ်ဘုရင် ကုလန်ကို ပါးဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။

ယွမ်ချူးခန်က မိမိတို့ကို ပေါက်ထွက်မတတ်စိုက်ကြည့်နေသည့် ရုမာသီးကို ပြုံးစစနှင့်ကြည့်ကာ မေးလိုက်ပြန်သည်။

" ဝိဇယဘုရင်က ကျုပ်ခွံ့ကျွေးတာကို စားချင်သေးလား မသိဘူး "

" မင်း... မလိုပါဘူး။ ကျေးဇူးတင်ပါတယ် "

ရုမာသီက အံကြိတ်ကာ ဖြေလိုက်သည်။ ဆူမီရာက သည်းမခံနိုင်တော့သဖြင့် သူ့ကို ပြောလိုက်သည်။

"  ချူးခန်...တော်တော့... "

" ကောင်းပါပြီခင်ဗျာ။ ချစ်သူလေး အမိန်ကတော်အတိုင်းပါပဲ.... "

ပြောလေ ကဲလေဖြစ်သောကြောင့် ဆူမီရာ တူကို ဒေါသဖြင့် ချလိုက်သည်။

" ဒုန်း... "

"  ကောင်းပြီ ကောင်းပြီ ။ ငါ မစတော့ဘူး။ ဟုတ်ပြီလား။ "

ထိုအခါမှ ယွမ်ချူးခန်က ရယ်ကျဲကျဲဖြင့်  ဆက်မပြောတော့ပဲ ထမင်းကို စားလိုက်သည်။

" ရုမာသီ...ဒီအရူးကို ခွင့်လွှတ်ပေးပါ။ သူက စိတ်သိပ်မမှန်လို့ပါ... "

ဆူမီရာက ဝိဇယပြည်မှ ဝန်ကြီးများကို တောင်းပန်လိုက်ကာမှ ယွမ်ချူးခန်က ပိုကဲလာတော့သည်။

" ငါ့အကြောင်း လူတိုင်းသိအောင် ပြောနေတယ်ပေါ့ ဟုတ်လား မီရာ။ ငါ အချစ်ရူးဆိုတာ လူတိုင်းသိစေချင်နေတာလား "

"  ပါးစပ်ပိတ်ထား.... "

ယွမ်ချူးခန်က ရုမာသီ ဒေါသပေါက်ကွဲစေရန် တမင်သက်သက် ရန်စနေခြင်း ဖြစ်ပေမယ့် ရုမာသီက မျက်ဝန်းများထဲ လူသတ်လိုရိပ်များ ပြည့်လာသဖြင့် ကျေနပ်စွာပြုံးလိုက်သည်။

" ရှုခင်းသွားကြည့်ကြစို့....ပြီးရင် မြန်မြန်ပြန်မယ် "

ဆူမီရာက နဖူးကို ပွတ်ကာ စိတ်ညစ်စွာပြောလိုက်သည်။ မြန်မြန် ရှုခင်းကြည့်ပြီး မြန်မြန်ပြန်မှ။ မဟုတ်လျှင် ယွမ်ချူးခန် ဆင်သည့်အကွက်ထဲ ရုမာသီ ဝင်သွားပေတော့မည်။ ဒီကောင် ပိုဆိုးသွမ်းကောက်ကျစ်လာတာတော့ အမှန်ပင်။

ရှုခင်းကြည့်ပြီး ပြန်မည်လုပ်တော့ ရုမာသီက မေးလိုက်သည်။

" ခဏလေးပါ အရှင်ဆူမီရာ... သူက နန်ကျောင်ပြည်က ယွမ်ချူးခန် ဟုတ်ပါသလား "

"  ရုမာသီ... မင်း ဒါကို ဒီအတိုင်းလွှတ်ထားပေးပါ... "

ဆူမီရာက ရုမာသီကို မျက်ရိပ်ပြကာ စကားစကိုဖြတ်ဖို့ကြိုးစားပေမယ့် ရုမာသီက ဆက်ပြောလာခဲ့သည်။

" အရှင်ဆူမီရာကို ကျွန်တော်တို့ ရအောင် ကယ်တင်ဖို့ အမိန့်ရထား ပါတယ်။ ဒါကြောင့် ယွမ်ချူးခန်ကို ဖမ်းဆီးပြီး အရှင်ကုလန် ရှေ့ကို ပို့ရပါလိမ့်မယ် "

" မလုပ်နဲ့... သူက မင်းရဲ့ပြိုင်ဖက်မဟုတ်ဘူး။  "

ဆူမီရာ ရင်ထိတ်သွားပြီး ချက်ချင်းပြောလိုက်သည်။

" ကျွန်တော်က သူ့ပြိုင်ဖက် မဟုတ်ရင်တောင် အရှင်ဆူမီရာကို တွေ့နေပြီး ဒီအတိုင်း ဒီ လူယုတ်မာ ပြန်ခေါ်သွားမှာကို လုံးဝ လက်မခံနိုင်ပါဘူး "
 
ရုမာသီက စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့်ပြောလိုက်သည်။ ထိုစဉ် ယွမ်ချူးခန်က နောက်ကိုလှည့်ကာ မေးလိုက်သည်။

" ဘာတွေ တီးတိုးပြောနေတာလဲ။ ရုမာသီက ကျုပ်ရဲ့ ချစ်သူကို သွေးဆောင်ဖို့ ကြိုးစားနေတာများလား "

ယွမ်ချူးခန်၏ စကားက မီးပုံထဲ မီးစာလောင်းထည့်သလိုပင်၊ ရုမာသီက ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

" အယုတ်တမာ မင်းသား။ မင်းက အရှင်ကုလန်ရဲ့ကြင်ယာလောင်းကို ခိုးခဲ့တာ။ လာကြစမ်း...ဒီ လူယုတ်မာ နန်ကျောင်မင်းသားကို ဖမ်းကြစမ်း "

ယွမ်ချူးခန်၏ ဘေးတွင် ကိုယ်ရံတော်များ ချက်ချင်း လာရောက်ကာကွယ်ပေးပြီး ယွမ်ချူးခန်က ခေါက်ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ကာ ပြုံးရင်းပြောလိုက်သည်။

" ကျုပ်က ဆူမီရာကို အတင်းခိုးလာတယ်ပေါ့..ဟုတ်လား။ "

ယွမ်ချူးခန်က ယပ်တောင် အခတ်မပြတ်ပဲ ပြုံးစစနှင့် မေးလိုက်သည်။ သူ့ပုံစံက ကိုယ် နန်းတော်ထဲမှာ နေသူလို စိတ်ချလက်ချ ရှိလွှန်းလှသည်။ ယွမ်ချူးခန်၏ မမှုသော စိတ်ကို ရုမာသီ ဒေါသထွက်စွာ ချီးကျုးလိုက်မိသည်။

" မင်း သတင်းကို တောင်ပိုင်းနယ် အားလုံးသိနေပြီ။ အရှင်ဆူမီရာကို အသာတကြည်ပြန်လွှတ်ပေးရင် မင်းတို့ အသက်ကို ချက်ချင်းမသတ်ဘူးလို့ ကတိပေးတယ် "

" အဲ့ဒီတော့ မင်းက ကျုပ်တို့ကို ဖမ်းပြီး ကုလန်ရှေ့ကိုပို့မယ်ပေါ့.... "

ယွမ်ချူးခန်က ယပ်တောင်ကို စေ့ပိတ်ကာ ရုမာသီကို စိုက်ကြည့်ပြီး မေးလိုက်သည်။
ရုမာသီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

" ဖမ်းကြစမ်း "

" မလုပ်နဲ့... ရုမာသီ နောက်ဆုတ်လိုက်... မြန်မြန်... "

ဆူမီရာက ချက်ချင်း ရှေ့မှာ ပိတ်ကွယ်ရပ်ကာ တားလိုက်သည်။

" အရှင် ဆူမီရာ... ဘေးကို ဖယ်ပေးပါ။ အရှင်ကုလန်က နန်ကျောင်မင်းသားလာရင် ဖမ်းဖို့ အမိန့်ပေးထားပြီးပါပြီ  "

" ဆူမီရာ... မင်းကို ငါကခိုးလာတာလား။ မင်းဖာသာ လိုက်လာတာလား ပြောလိုက်စမ်းပါ။ ငါ ပြောရင် သူတို့က ယုံမှာ မဟုတ်ဘူး "

ယွမ်ချူးခန်က ဆူမီရာ၏ ပုခုံးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ ဆူမီရာက သူ ဆိုလိုသည်ကို နားလည်သဖြင့် အသက်ပြင်းပြင်းရှုကာ ရုမာသီကို ပြောလိုက်သည်။
 
" ရုမာသီ နောက်ဆုတ်ပြီး ကျွန်တော် တို့ကို သွားခွင့်ပေးပါ။  ကျွန်တော်က ကိုယ့်သဘောနဲ့ သူ့နောက်ကို လိုက်လာတာပါ။ စိတ်မပူပါနဲ့။ သူက ကျွန်တော့် သူငယ်ချင်းပါ။ နောင်တော် ကုလန်ကို ဒီအကြောင်းပြောပေးပါ။ ကျွန်တော် ဘေးကင်းပါတယ်လို့..."

" တောင်းပန်ပါတယ် အရှင်ဆူမီရာ... ကျွန်တော်တို့ သူ့ကိုလုံးဝ အလွတ်မပေးနိုင်ဘူး... ဖမ်းကြ... "

ရုမာသီက သူ့ရှေ့မှာပင် ဆူမီရာကို အကြပ်ကိုင်နေသည့် မကောင်းဆိုးဝါးမင်းသားကြောင့် ရှေ့ကိုတိုးလာခဲ့သည်။
" ရှုး.... ဒိုင်း... "

ထိုစဉ် ကျွန်းတောင်ဘက်ပိုင်းမှ မီးကျည်များ တက်လာသဖြင့် ရုမာသီ မျက်နှာပျက်သွားသည်။
 
" တောင်ပိုင်းကို ရန်သူတွေ ဝင်စီးထားပြီ။ "

ရုမာသီက စိတ်ပူစွာဖြင့် ယွမ်ချူးခန်ကို စိုက်ကြည့်လိုက်တော့ ယွမ်ချူးခန်က ပြုံးစစနှင့် ပြောလိုက်သည်။

" အင်း... တောင်ပိုင်းမြို့ရဲ့ မြို့စားမင်းသမီးလေးက အတော်လေးကို ချစ်ဖို့ကောင်းတာပဲ။ သူ့ကို ကျွန်ကုန်သည်တွေ လက်ထဲ ရောင်းစားရင်ကောင်းမလား။ ဒါမှ မဟုတ် စစ်တပ်က ပြည့်တန်ဆာဂေဟာမှာ ထားရင်ကောင်းမလားပဲ.... "

ယွမ်ချူးခန်၏ စကားကြောင့် ရုမာသီ၏ မျက်နှာခက်ထန်တင်းမာသွားပြီး အော်ဟစ်လိုက်သည်။

" ယွမ်ချူးခန်..မင်း အတင့်ရဲလှချည်လား။  "

" အား... မင်းရဲ့ညီမက မင်းထက် ပိုကျိုးနွံတယ် ရုမာသီ။ တောင်ပိုင်း မြို့သားတွေ အဆိပ်မိတာကို သိတာနဲ့ ချက်ချင်း မြို့တံခါးကို ဖွင့်ပေးပြီး သူကိုယ်တိုင် အညံ့ခံပြီး အဆိပ်ဖြေပေးဖို့ တောင်းဆိုခဲ့တယ်ကွ.... မင်းကော... မင်းရဲ့ လူတွေ အဆိပ်မိရင် ဘယ်လိုတောင်းပန်မလဲ... "

" မင်း... ယွမ်ချူးခန်.. မင်း ယောကျာ်းစစ်စစ်ဆိုရင် ငါနဲ့ တယောက်ချင်း ယှဉ်တိုက်မယ်...  "

ရုမာသီက သည်းမခံနိုင်တော့ပဲ ဓါးဆွဲကာ ပြောလိုက်သည်။

"  အရူးအလုပ်တွေကို ငါမလုပ်ဘူး။ ငါက အနိုင်ရဖို့ပဲ စိတ်ဝင်စားတယ်။ ဘယ်နည်းနဲ့ပဲ နိုင်နိုင်.. သူရဲကောင်းလုပ်တမ်းကစားတာ ကလေးတွေအလုပ်ပဲ...ဟုတ်တယ် မလား.... မီရာ...."

ယွမ်ချူးခန်က မီရာ၏ လက်လေးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ ဆူမီရာက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

" ချူးခန် .... တော်တော့...  ငါတို့ ပြန်ကြစို့... မင်း မယ်တော်နဲ့ ချိန်းထားတဲ့ရက်ထက် နောက်ကျသွားရင် အရီးတော် မျှော်နေမယ်။ မင်း ကို စိတ်ပူနေမှာကို မမြင်ချင်ဘူးမလား"

" ဟုတ်တယ်။ မယ်မယ်က ငါ အချိန်မှီမရောက်ရင် ကုလန်က ငါ့ကို တခုခုလုပ်ထားတယ်ထင်ပြီး စိတ်ပူနေဦးမယ်။ သွားကြတာပေါ့....  သြော်... မင်းရဲ့ညီမကို ငါ နန်ကျောင်ပြည်ကို အလည်ခေါ်သွားဦးမယ်။ သူက ပါးနပ်တယ်ဆိုတော့ ငါ စိတ်ပြောင်းပြီး ကိုယ်လုပ်တော် အဖြစ် ထားချင် ထားဖြစ်မှာပါ... "

ယွမ်ချူးခန်က ထိုစကားကို ပြောလိုက်သည်နှင့် ဆူမီရာက ချက်ချင်း လက်သီးဖြင့် ယွမ်ချူးခန်ကို ထိုးထည့်လိုက်သည်။

"ခွပ်.... "

" ယွမ်ချူးခန် တဏှာရူးကောင်... ငါ့ရှေ့မှာ ငါ့ မိတ်ဆွေရဲ့ညီမကို ကိုယ်လုပ်တော် ထားဖို့ပြောရဲတယ်ဟုတ်လား။ မင်း သေချင်နေပြီလား "

" အိုး... တောင်းပန်ပါတယ် မီရာ... ငါက သူ့ကို တမင် မခံချင်အောင် လုပ်နေတာပါ။ မင်းကလွဲပြီး ငါ ဘယ်သူ့ကိုမှ ထပ်မကြည့်တော့ဘူးလို့ ကတိပေးထားပြီးသားပါကွာ။  "

ယွမ်ချူးခန်က စိတ်မဆိုးပဲ ချက်ချင်း ဆူမီရာကို ချော့လိုက်သည်။ သူက ရုမာသီကို ဆွပေးချင်လို့ပြောလိုက်ပေမယ့် ဒီစကားကြောင့် ဆူမီရာပေါက်ကွဲပြီး လက်သီးနှင့်ထိုးသည်ဆိုတော့ သူက မိမိကို သဝန်တိုနေတာပေါ့ဟု တွေးကာ ကိုယ့်အတွေးနှင့်ကိုယ် ပျော်သွားတော့သည်။

" ပါးစပ်ပိတ်ထား... အခု သွားကြမယ်။ မင်းသမီးကို ပြန်လွှတ်ပေးလိုက်။ ရုမာသီ ငါတို့ကို မတားနဲ့တော့။ နောင်တော် ကုလန်က ဒီအခြေနေကို နားလည်မှာပါ။ မင်းသမီးအတွက် စိတ်မပူပါနဲ့..."

ဆူမီရာက စိတ်ညစ်စွာဖြင့် အော်လိုက်ကာ ရုမာသီကို နှစ်သိမ့်လိုက်သည်။

 " အရှင်ဆူမီရာ... တကယ်ပဲ ဒီကောင်နဲ့ လိုက်သွားတော့မလို့လား "

" စိတ်မပူပါနဲ့။ သူက ဉာဏ်များတယ်ဆိုပေမယ့် ကျွန်တော့်ကိုတော့ နာကျင်အောင် မလုပ်ပါဘူး။  "

ဆူမီရာက စိတ်ပူနေသည့် ရုမာသီကို ပြောလိုက်တော့ ယွမ်ချူးခန်က ဝင်ပြီး ကိုယ်ရည်သွေးပြန်သည်။

"  မီရာလေးက ငါ့ကို နားအလည်ဆုံးပဲ။ ဒါကြောင့် မီရာ့ကို ချစ်ရတာ"

" လက် ဖယ်စမ်း ယွမ်ချူးခန်...  "

ဆူမီရာ မိမိကို ဖက်လာသည့် ယွမ်ချူးခန်ကို အော်ငေါက်ကာ အမြန် ပင် သဘောင်္ပေါ်ကို ပြန်လာတော့သည်။

ရုမာသီက အားမတန် မာန်လျှော့ကာ ယွမ်ချူးခန်တို့ သဘောင်္ထွက်ခွာသွားသည်ကို အံကြိတ်ကာ ကြည့်နေရတော့သည်။

" အရှင် ပင်လယ်ထဲမှာ လိုက်တိုက်မလား "

ရေတပ်ဗိုလ်ချုပ်က မကျေမနပ်ဖြင့် အမိန့်လာတောင်းခံသည်။ အရှင့်ညီမတော်ကို စော်ကားပြောဆိုသွားသဖြင့် ထို နန်ကျောင်မင်းသား၏ သဘောင်္ကို နစ်မြှုပ်ပစ်ချင်နေသည်။

"  မလုပ်နဲ့ ။ တောင်ပိုင်း မြို့သားတွေ အဆိပ်မိတာက နောက်သုံးရက်မှ အဆိပ်ပြေလိမ့်မယ်... အကိုတော်... အရှင်ကုလန်ကို ဒီအကြောင်း ကို အမြန် သတင်းပို့လိုက်ပါ။ အရှင် ဆူမီရာက ကျွန်မကို တိတ်တဆိတ် စာတစ်စောင် ပါးပေးလိုက်ပါတယ်။ ဒီစာကို အရှင်ကုလန်ဆီ အမြန်ဆုံးပို့ရမယ်တဲ့"

ယွမ်ချူးခန်တို့ သင်္ဘောပေါ် အတက်မှာ လွတ်ပေးလိုက်သည့် မင်းသမီးက ရုမာသီကို အမြန်ပြောလိုက်သည်။

" ကောင်းပြီ။ အရှင်ကုလန်ဆီ ချက်ချင်း စာပို့သိမ်းဌက်နဲ့ သတင်းပို့ပါ "

ရုမာသီတို့ ကုလန်ဆီကို စာပို့သိမ်းခံဖြင့် အကြောင်းကြားခိုက် ဆူမီရာပါသည့် သဘောင်္က ပင်လယ်ထဲ ရောက်သွားလေပြီ။


" မင်း ဟို မင်းသမီးကို စာတစ်စောင် ပေးခိုင်းလိုက်တယ် မဟုတ်လား။ ဘာလဲ ကုလန်ကို မယ်တော်ဆီ လိုက် လာဖို့ပြောလိုက်တာလား "

ယွမ်ချုးခန်က ဆူမီရာအတွက် ရေနွေးကြမ်းဌဲ့ပေးရင်း မေးလိုက်သည်။

"  ဟုတ်တယ်။ မင်းတို့ မယ်တော်ရှေ့မှာ မျက်နှာစုံညီ တွေ့သင့်တယ် ထင်လို့..."

" ဘာကြောင့်တွေ့စေချင်တာလဲ မီရာလေး "

ယွမ်ချူးခန်က ဆူမီရာ၏ ခါးကို အနောက်မှ သိုင်းဖက်ကာ လည်ပင်းကို နမ်းရင်း မေးလိုက်သည်။

" မင်း စကားပြောတာ ကောင်းကောင်းပြောလို့မရဘူးလား။ ဖယ်စမ်းပါ "

"  မဖယ်ဘူး။ ငါ မင်းကို ချစ်တယ်။ မင်းကို ခုလိုလေး ပူးပူးကပ်ကပ်နေချင်လို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာ မင်း လုံးဝ မသိပါဘူး။ ကဲ...ပြောပါဦး။ ကုလန်ကို မယ်တော့်ရှေ့ ခေါ်ပြီး ဘာပြောစေချင်တာလဲ"

ဆူမီရာက ယွမ်ချူးခန်၏ လက်ကို အတင်း ဖယ်ပစ်ကာ မေးလိုက်သည်။

" မင်းက ငါ့ကို ဘာကြောင့် ဇွတ်ခေါ်လာတာလဲ "

" မင်းကို ချစ်လို့ လက်ထပ်ချင်လို့လေ... "

"  ကောင်းပြီ။ ငါက နောင်တော်ကုလန်ရဲ့ကြင်ယာတော်လေ။ အရီးတော်လည်း သိတယ်။ ဦးရီးတော်လည်း အသိမှတ်ပြုထားတယ်။ အရီးတော်ရှေ့မှာ မင်း ငါ့ကို တရားဝင် လက်ထပ်ချင်တယ်ဆိုတာ ဘယ်လို ခွင့်တောင်းမလဲ ကြည့်ရသေးတာပေါ့။ နောင်တော်ကုလန်လည်း ရှိသင့်တယ်လို့ ငါထင်လို့ ခေါ်လိုက်တာ။ ဘယ်လိုလဲ။ အရီးတော်ရှေ့မှာ မင်း နောင်တော်နဲ့ ယှဉ်ရဲရဲ့လား"
 
ဆူမီရာက ယွမ်ချူးခန် မခံချင်အောင် တမင်ပြောလိုက်သည်။ ထိုစကားကို ကြားတော့ ယွမ်ချူးခန်က လှောင်ရယ်ရယ်လိုက်ပြီး ပြောလိုက်သည်။

" ဟက်...ကုလန်ကို ငါက ကြောက်နေရမှာလား။ အခု မင်းကို နန်ကျောင်ကို ခေါ်တယ်ဆိုတာ ငါ မင်းကို တရားဝင် ကြင်ယာတော် မြှောက်ပြီး တိုင်းပြည်မှာ ငါပြီးရင် အာဏာအရှိဆုံးနေရာမှာ ထားမလို့ပါ... "

" မင်းရဲ့ မိဖုရား ၅ ပါးနဲ့ ခမည်းတော်က သဘောတူဦးမှကိုး.... မင်း ဖြစ်ချင်တိုင်း ဘယ်သူက ခွင့်ပြုပေးမှာလဲ ယွမ်ချူးခန်... ငါက တရားမဝင် ကိုယ်လုပ်တော် ဘဝမှာ နေမယ့်သူ မဟုတ်ဘူး။ နောင်တော် ကုလန်က ငါ့ကို ဦးရီးတော် ယေစုကိုင်းနဲ့ မှုးကြီးမတ်ရာတွေရှေ့မှာ တရားဝင် ကြင်ယာတော် အလောင်းလျာဖြစ် ကြေငြာထားတာနော်။ "

ယွမ်ချူးခန်က သဘောကျစွာရယ်မောကာ ဆူမီရာ၏ ပါးပြင်ကို နမ်းရှိုက်ကာ ပြောလိုက်သည်။

" စိတ်ချ... ငါက မင်းကို ညီလာခံမှာ တရားဝင် ကြင်ယာတော် တင်မြှောက်မှာ။ ဘယ်သူက ငါ လုပ်ချင်တာကို တားရဲမှာလဲ "

" မင်း မယ်တော် စိတ်မချမ်းသာအောင် လုပ်မလို့လား ယွမ်ချူးခန် "

" မယ်တော်က မင်းကို ချစ်တာပဲ။ ငါ မင်းကို လက်ထပ်တာကို သူ ဘယ်တားမလဲ။ တကယ်လု့ ကုလန်နဲ့ မင်း လက်ဆက်တာကို မယ်တော် သဘောတူရင် ငါနဲ့လက်ထပ်တာကိုလည်း သဘောတူမှာပါ။ မဟုတ်ရင် မယ်တော်က ဘက်လိုက်တဲ့ မယ်မယ်ဖြစ်သွားမှာပေါ့ "

" မင်းက နောင်တော်ရဲ့ကြင်ယာလောင်းကို မယ်တော်ရှေ့မှာ အရှက်မရှိ လုမလို့လား ယွမ်ချူးခန် "

" ကြင်ယာလောင်းဆိုတာ ကြင်ယာတော်မှ မဟုတ်သေးတာ။ အခြေနေ အချိန်ခါကိုလိုက်ပြီး ပြောင်းလဲတာကို မယ်မယ် နားလည်မှာပါ။ ကဲ... မီရာလေး... အခု ငါ မင်း စကားကို နားထောင်နော်။ မင်း ပြောတဲ့အတိုင်း မင်းသမီးကို ပြန်လွှတ်ခဲ့တယ်။ မြို့ကလူတွေကို အဆိပ်ဖြေဆေး ပေးခဲ့တယ်။ ရုမာသီကိုလည်း အဆိပ်မခတ်ခဲ့ဘူး။ ငါ့ကို ကတိအတိုင်း ဟင်းချက်ကျွေးတော့...  "

ယွမ်ချုးခန်က ဆူမီရာ နာအောင် ဘယ်လောက် ပြောပါစေ ဘယ်လိုမှ မနေပဲ ရယ်ကျဲကျဲဖြင့် သူလိုရာကို တောင်းနေတော့သည်။

" ကောင်းပြီ။ ငါ့ကို ဖက်ထားတာ အရင်လွှတ်... "

"  ဟင့်အင်း...မင်းကို ခုလိုလေး ဖက်ထားပြီး ဟင်းချက်တာကို ကြည့်ချင်တာ"

ယွမ်ချူးခန်က ချွဲလိုက်သည်။ သူက အခြားလူရှေ့မှာ လူသတ်မှာ မျက်တောင် မခတ်သည့် ရက်စက်သည့် လူတစ်ယောက်ဖြစ်နေရင်တောင် ဆူမီရာရှေ့မှာ အရင်လို ချွဲတတ်သည့် လူငယ်လေးအဖြစ်သို့ ပြောင်းသွားခဲ့သည်။

" မရဘူး။ ဒါဆို ငါ မချက်ဘူး။ ငါချက်တာ စားချင်ရင် မင်း အဝေးကနေပဲ ကြည့်... "

" ကောင်းပြီ..ကောင်းပြီ။ ငါ အဝေးကနေပဲ ကြည့်ပါ့မယ် "

ယွမ်ချူးခန်က အလျှော့ပေးကာ ဆူမီရာ ဟင်းချက်နေသည်ကို ပျော်တပြုံးပြုံးနှင့် ကြည့်နေတော့သည်။

==============================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now