Chapter (38) _ဘက်ပေါင်းစုံမှ ထိုးစစ်များ စတင်ခြင်း (Z+U)
ယွမ်ချူးခန်သည် တကယ့်အချိန်တွင်မှ ဝိဥာဉ်မဲ့ အဆိပ်သခင် ဖိုးဖိုးထန် ပြန်ပေါ်လာမည်ကို လုံးဝမမျှော်လင့်ထားပေ။ ဒါပေမယ့် သူ့ဆီမှာရှိသည့် အဆိပ်သခင်က ဖိုးဖိုးထန်ကို အဆိပ်ပညာတွင် ယှဉ်နိုင်သည် ဆိုသည့် ယုံကြည်မှုကြောင့် ယွမ်ချူးခန် အတော်လေးကို စိတ်သက်သာရာရသွား ခဲ့သည်။
" ငါ ရှုံးလို့မဖြစ်ဘူး။ မီရာကို ငါကလွဲပြီး ဘယ်သူမှ မပိုင်ရဘူး၊ သူက ငါ့ချစ်သူ..... "
ယွမ်ချူးခန်က ထိုစကားကို ရေရွတ်ကာ နောက်ဆုံးအကွက်ကို အကောင်ထည်ဖော်ဖို့ အမိန့်ပေးလိုက်သည်။ အပါးတော်မြဲက ထိုအမိန့်ကို ကြားတော့ ကြက်သေသေသွားခဲ့ပြီး တုန်လှုပ်သွားခဲ့သည်။
"အရှင်...အရှင့်သား...ဒါ..ဒါ... "
" မင်း ဒါကို ချက်ချင်း သွားလုပ်မလား။ အသေခံမလား "
ယွမ်ချူးခန်၏ အေးစက်သော မျက်ဝန်းကြောင့် အပါးတော်မြဲကြီး ကျောထဲက စိမ့်လာပြီး အမြန် ဦးညွှတ်ကာ ထွက်လာခဲ့သည်။
" အရှင့်သား...ရူး သွားတော့မှာလား။ ဘုရား...ဘုရား...ကုလန် ဒီ နေပြည်တော်ကို မအောင်နိုင်ပါစေနဲ့..... "
အပါးတော်မြဲကြီးက စိတ်ထဲမှ တုန်လှုပ်စွာရေရွတ်ကာ နီးရာဓါးကို ကြောက်ရသူပီပီ အမိန့်ကို ချက်ချင်း ဆောင်ရွက်လိုက်ရတော့သည်။
ယွမ်ချူးခန်သည် အဆောင်ထဲတွင် တစ်ယောက်တည်း ထိုင်နေပြီး အကြာကြီးစဉ်းစားနေသည်။ သူ့စိတ်ကူးထဲတွင် ဆူမီရာ၏လက်ကို ကိုင်ဆွဲထားပြီး နန်ကျောင်ပြည်တခွင်ကို သွားလာနေသည့် ပုံရိပ်ကို မြင်ယောင်ပြီး နူတ်ခမ်းက ပြုံးယောင်သမ်းလာခဲ့သည်။
" မီရာ.... ကိုယ့် အချစ်လေး..မီရာ... "
ထိုအချိန်တွင် မိုင်းလာကြင်ယာတော်သည် ကလေးငယ်ကိုပွေ့ကာ ချော့နေစဉ် ခမည်းတော်တို့စစ်ထွက်သွားရမည့်သတင်းကို ကြားတော့ ထိတ်လန့် အံ့သြသွားခဲ့သည်။
" ဘယ်လိုဖြစ်တာလဲ။ တောင်ပိုင်းကို စစ်ချီရမယ်ဟုတ်လား။ ဟင့်အင်း.... ခမည်းတော်က ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ ခမည်းတော် သွားလို့မဖြစ်ဘူး။ "
မိုင်းလားနယ်စားကြီးသည် ချောင်းအဟွတ်ဟွတ်ဆိုးကာ သမီးတော်ဖြစ်သူကို လက်ကာပြရင်း မောဟိုက်စွာပြောလိုက်သည်။
" ဒါက အရှင်ငယ်ရဲ့အမိန့်ပဲ.... ဘာမှမဖြစ်ဘူး။ ကျန်တဲ့နယ်စားကြီးတွှေ အားလုံးက အရှင်ငယ်ပေးတဲ့ တာဝန်ကို ထမ်းောဆင်နိုင်ပြီး ခမည်းတော် မထမ်းဆောင်နိုင်ရင် နောင်မှာ မြေးတော် မင်းသားလေးရဲ့ ထီးနန်းဆက်ခံခွင့်ကို ထိခိုက်လိမ့်မယ်။ "
မိုင်းလား ကြင်ယာတော်က မျက်ရည်ဝဲလာရင်း ခါးသီးစွာ ပြောလိုက်သည်။
" ခမည်းတော်.... သမီးတော်...ဒီနန်းတော်ထဲမှာ မနေချင်တော့ဘူး။ သမီးတော် သားလေးကို ခေါ်ပြီး သမီးတို့ နယ်ကို ပြန်ချင်နေပြီ။ "
မိုင်းလားနယ်စားကြီးက မျက်နှာတင်းသွားပြီး ပြောလိုက်သည်။
" အခုချိန်မှ ဘာကြောင့် စိတ်ပြောင်းသွားတာလဲ။ ကြင်ယာတော် အားလုံးက အရှင်ငယ်ကို ပြုစုပြီး ဆွဲဆောင်ဖို့ လုပ်နေချိန်မှာ သမီးတော်က ဘာကြောင့် ခုလို ပြောရတာလဲ။ သမိးတော်ရဲ့သားတော်လေးက သားအကြီးဆုံးလေ... သူက နောင်တချိန်မှာ နန်ကျောင်ထီးနန်းကို ဆက်ခံခွင့်ရဖို့ အလားလာအများဆုံးပဲ။ တောင့်ခံထားစမ်းပါ။ သွေးမကြောင်စမ်းနဲ့။ တကယ်လို့ သမီးတော်က နန်ကျောင်ပြည်ရဲ့ ဧကရီဖြစ်လာရင် ခမည်းတော်တို့ နယ်က ပိုတိုးတက်လာမယ် မဟုတ်လား။ "
မိုင်းလားကြင်ယာတော်က မျက်ရည်စီးကျလာရင်း ခမည်းတော်ကို ပြောလိုက်သည်။
" ခမည်းတော်... သမီးတော် .... မင်းသား ယွမ်ချူးခန်ရဲ့အသုံးချတာ ခံလိုက်ရပြီလို့ ခံစားရတယ်။ တကယ်တော့ သူက .... ငွေတောင်မင်းသားကိုပဲ ချစ်ပြီး ငွေတောင်မင်းသားနဲ့ပဲ လက်ဆက်ပြီး နန်းတက်ဖို့ ကြံထားတာ.. "
" မဖြစ်နိုင်ဘူး။ သူ အဲ့ဒီလို လုပ်လို့မရဘူး။ နန်ကျောင်ပြည်ရဲ့ဧကရီက ယောကျာ်းတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သမီးတော်... အဟွက်...အဟွတ်... ခမည်းတော် ပြောတာကို သေချာ...နားထောင်။ အရှင်ငယ်က အမျိုးသားတစ်ယောက်ကို ချစ်ကျွမ်းဝင်တာ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်လုပ်တော်ထားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါကို စိတ်ထဲ မထည့်ထားနဲ့။ သမီးရဲ့အဓိက တာဝန်က သမီးရဲ့သားတော်လေးကို နန်ကျောင်ရဲ့ ထီးနန်းဆက်ခံနိုင်အောင် ပျိုးထောင်ပေးဖို့ပဲ။ တကယ်လို့ ခမည်းတော် ပြန်မလာနိုင်ခဲ့ရင်တောင်.... မြေးတော်လေးကို အထွက်ထိပ်ရောက်တာ တမလွန်က စောင့်ကြည့်နေမယ်။ သမီးတော်..ဒီ တာဝန်ကို ပြီးအောင် ထမ်းဆောင်ပါ... အရှင်ငယ်က သမီးတော်တို့ကို မချစ်ရင်လည်း စိတ်ထဲ မထားနဲ့။ သမီးဧကရီဖြစ်လာရင် ဒါတွေက ဘာမှ အရေးမပါတော့ဘူး။ "
" သမီးတော်က ဧကရီလည်း မဖြစ်ချင်ဘူး။ သားတော်လေးကို သွေးလွှမ်းတဲ့ ထီးနန်းကိုလည်း မရစေချင်ဘူး။ သမီးတော်က ခမည်းတော်နဲ့ အတူ သားလေးကို ခေါ်ပြီး အေးအေးချမ်းချမ်းပဲ နေသွားချင်တယ် ။ ပြီးတော့ သမီးတော် ခမည်းတော်အသက်ရှင်တာကိုပဲ လိုချင်တယ်။ သမီးတော်တို့ နယ် ကြီးပွားတိုးတက်အောင် သမီးတော် အစွမ်းကုန် ကြိုးစားပါ့မယ် ခမည်းတော်... ဒီ စစ်ထွက်မယ့် တာဝန်ကို ငြင်းဆန်လိုက်ပါ။ သမီးတော်တိုက နန်းတော်ထဲက ထွက်သွားရအောင်... သမိးတော် တောင်းပန်ပါတယ်"
ကြင်ယာတော်က ခမည်းတော်၏ စကားကြောင့် ကျူကျူပါအောင် ငိုကာ အတင်းတောင်းပန်လိုက်သည်။ မိဖုရားခေါင်ဖြစ်ဖို့၊ သားတော်လေးကို နန်ကျောင်ထီးနန်းကို ဆက်ခံဖို့ ဆိုတာ အရင်က အိပ်မက်ဖြစ်ခဲ့ပေမယ့် တကယ့် တကယ် ကြင်ယာတော်ဘဝဖြင့် နန်းတော်ထဲတွင် နေမိကာမှ ဒီအရာတွေက ငရဲဆိုတာ သူမ သေချာသိလာခဲ့လေသည်။ မိမိတို့ကို ကလေးမွေးစက်လို သဘောထားကာ သားသမီးရအောင် လုပ်ခဲ့သည်ကလွဲပြီး ယွမ်ချူးခန်က မိမိတို့ကို ပါးလေးကိုပင် နမ်းရှိုက်ခြင်း မရှိခဲ့ပေ။ သားတော်လေးကို ပွေ့ဖက်ခဲ့ပေမယ့် သူ့မျက်ဝန်းထဲတွင် ဖခင်တစ်ယောက်ရဲ့ အချစ်ကို ရှာမတွေ့ခဲ့ပေ။ သူ လုပ်သမျှ တိုင်းက ငွေတောင်မင်းသားကို အသာတကြည် လက်ဆက်နိုင်ဖို့ ကြိုတင် ဆောင်ရွက်ခဲ့သော အရာများဖြစ်သည်ကို သိလာပြီးနောက် မိုင်းလားကြင်ယာတော်က ဒီဘဝကနေ ရုန်းထွက်ချင်လှပြီ။ ခမည်းတော်လာလျှင် တောင်းပန်ပြီး နန်ကျောင် နန်းတော်က ကယ်ထုတ်ပေးဖို့ လုပ်ထားကာမှ ခမည်းတော်က နန်ကျောင် အိမ်ရှေ့စံ၏ အမိန့်ဖြင့် သေလမ်းကို သွားရတော့မည်။ မယ်မယ် မရှိပဲ ခမည်းတော်ရဲ့ ပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့သော သူမအတွက် ခမည်းတော်က မယ်တော်လည်းဟုတ်သည်။ ခမည်းတော်လည်း ဟုတ်သည်။ ဒါကြောင့် မိမိသားလေး ဘုရင်ဖြစ်လာဖို့ မိမိတို့ဒေသကို တိုးတက်စေဖို့ ခမည်းတော်ရဲ့အသက်ကို မစတေးရက်တော့ပေ။
"နောက်ကျသွားပြီ သမီး.... ခမည်းတော်တို့ နောက်ဆုတ်လို့မရတော့ဘူး။ အရှင်ငယ်က သမီးတော်နဲ့ မြေးလေးကို လက်လွှတ်မှာ မဟုတ်တော့ဘူး။ ခမည်းတော်ရဲ့အောင်မြင်မှုက သမိးတော်တို့ အနာဂါတ်အတွက် အဓိက အရေးကြီးနေပြီ။ ဒါကြောင့် ခမည်းတော် သွားတော့မယ်။ သမီးတော် အကောင်းဆုံးရှင်သန်သွားဖို့ မမေ့ပါနဲ့ "
မိုင်းလာနယ်စားကြီးက သမီးတော်ကို နူတ်ဆက်ကာ ကိုယ်ကို မတ်မတ်ထားပြီး စစ်တပ်ကို ဦးစီးပြီး တောင်ပိုင်းကို စတင်ထွက်ခွာလာခဲ့သည်။ အရာအားလုံးက အရှင်ငယ် ကာလကြာမြင့်စွာ ကြိုတင်စီစဉ်ထားသောကြောင့် အာနန်မင်းသား ကုလန် ရောက်လာသည်နှင့် စစ်ပွဲကို စတင်နိုင်ခြင်းဖြစ်သည်။
မိုင်းလားကြင်ယာတော်က လူးလိမ့်ငိုကြွေးကာ ကျန်ရစ်ခဲ့သည်။ မိုင်းလားနယ်စားကြီးသည် သမီးတော်၏ ငိုသံကိုကြားသော် အသည်းကို ဓါးနှင့်မွှန်းသလို ခံစားရပြီး လည်ချောင်းထဲ ဆို့လာခဲ့သည်။ ဒါပေမယ့် သူ ဘယ်လိုမှ နောက်ဆုတ်လို့မရတော့ပေ။ အရှင်ငယ်သာ အိမ်ရှေ့စံဆိုလျှင် မိမိ ငြင်းဆန်လို့ရပေမယ့် အရှင်ငယ်က လက်ရှိတွင် နန်ကျောင်ပြည်၏ ဘုရင်ဖြစ်သွားလေပြီ။ မိမိငြင်းဆန်လိုက်လျှင် သမီးတော်က အအေးနန်းဆောင်ကို ပို့ခံရပြီး မြေးတော်လေးက ပစ်ပယ်ခံရလိမ့်မည်။
မီးဆိုတာလောင်ပြီးလျှင် မရပ်နိုင်တော့ပေ။ ဒါကြောင့် မိုင်းလားနယ်စားကြီးက တိုက်ပွဲတွင် အသက်စွန့်တိုက်ပြီး သမိးနှင့် မြေးကို ကာကွယ်ပေးဖို့ပဲ ကျန်တော့သည်။
"သမီးလေး.. မြေးလေး... ခမည်းတော်ကို ခွင့်လွှတ်ပါ။ ခမည်းတော်ရဲ့ လောဘကြောင့် သမီးတို့သားအမိ ဓါးဆာခံဖြစ်နေရတယ်။ ဒါကြောင့် ခမည်းတော် ဒီစစ်ပွဲကို နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တိုက်ရတော့မယ်။ နူတ်ဆက်ခဲ့ပါတယ် "
မိုင်းလာနယ်စားကြီးသည် တပ်ကြီးကို ဦးဆောင်ကာ မိမိ ကို အမိန့်ပေးထားသည့် နယ်ကို ဦးတည် ချီတက်လာခဲ့သည်။ ရင်ဘတ်ထဲ အောင့်လာသောကြောင့် ဆေးကိုထုတ်ကာ သောက်လိုက်ပြီး ရထားလုံးထဲ မျက်လုံးမှိတ်ကာ မှိန်းနေလိုက်ရတော့သည်။
" ငါ ... လောဘကြီးခဲ့မိတယ်... အားလုံး ငါ့ အမှားတွေချည်းပဲ... ယွမ်ချူးခန်... အားလုံးကို ကြိုတင် အကွက်ချထားတာပဲ... အားလုံး...သူ့ လက်ထဲက မလွတ်နိုင်တော့ဘူး "
------------------------------------
ချိုဟန်သည် ဝင်္ကပါမြိုင်ထဲက အဆောက်အဦးများကို မီးရှို့ဖျက်ဆီးနေသော နန်ကျောင်တပ်များကို နီရဲသော မျက်လုံးများ ဖြင့် ကြည့်ကာ ရေရွတ်လိုသည်။
"သေစမ်း...မင်းတို့ကောင်တွေ..သေကြစမ်း..ငါတို့ ဝင်္ကပါမြိုင်ကို ဘာမှတ်နေသလဲ... ငါတို့က ဖုံးကွယ်နေပေမယ့် အရည်ချင်းမရှိတဲ့ကောင်တွေ မဟုတ်ဘူးကွ.... "
" ပထမ သခင်လေး.... ထောင်ချောက်အားလုံး အသက်သွင်းပြီးပါပြီ "
လက်အောက်ငယ်သားက တင်ပြသံကိုကြားသော် ချိုဟန် အမိန့်ပေးလိုက်သည်။ သူ့မျက်လုံးထဲတွင် ရက်စက်ပြတ်သားဟန်တို့ ပေါ်နေပြီး မိမိတို့ အသိုက်မြုံကို ဖျက်ဆီးသူတိုင်းကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
" ကောင်းတယ်..အားလုံး ဆုတ်တော့.... ဝင်္ကပါမြိုင်ရဲ့သတ်ဖြတ်ခြင်း ဝင်္ကပါ အစွမ်းကို ဒီ သံချပ်အဖွဲ့ကို မြည်းစမ်းခိုင်းရတာပေါ့.... "
မကြာခင် အဆောက်ဦးတွေကို ဝန်းရံထားသည့် သစ်တောကြီးထဲမှ တော်လဲသံကဲ့သို့ အသံကြီးမြည်လာခဲ့သဖြင့် နန်ကျောင်တပ်မဟာ 5 မှ တပ်သားများ ကြောက်လန့်လာခဲ့သည်။
" ဝေါ...ဝေါ.... "
" ဘာ...ဘာတွေဖြစ်ကုန်တာလဲ "
" ကောင်းကင်က ချက်ချင်း မည်းမှောင်လာပါလား...ဒါ ဘာတွေလဲ "
" သေစမ်း...ဝင်္ကပါမြိုင်ရဲ့ သတ်ဖြတ်ခြင်း ဝင်္ကပါ အသက်ဝင်လာပြီထင်တယ် "
တပ်မဟာ ငါး၏ စစ်သေနာပတိချုပ်က မျက်စိမျက်နှာပျက်ကာ အမြန် အမိန့်ပေးလိုက်သည်။ ဝင်္ကပါမြိုင်၏ သတ်ဖြတ်ခြင်း ဝင်္ကပါအကြောင်းကို ကြားထားဖူးသဖြင့် သူ့မျက်နှာက ဖြူယော်နေခဲ့သည်။ အရှင်ငယ်၏ ဆွဲဆောင်မှုဖြင့် ဆုလာဘ်ကို မက်မောပြီး ထူးဆန်းထွေလာ ဝင်္ကပါမြိုင်ကို ဖျက်ဆီးခဲ့မိသည့် အဖြစ်ကို နောင်တရလျက်ရှိနေလေပြီ။
" ဆုတ်...အခုချက်ချင်း ဆုတ်ကြ... "
တပ်မ ငါးက အလောတကြီး သစ်တောထဲက ထွက်ဖို့ကြိုးစားပေမယ့် သေခြင်းတရားက သူတို့ကို စောင့်ကြိုနေခဲ့လေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းလာသလို ဓါးအစင်းပေါင်းများစွာက တပ်သားများကို ခုတ်ပိုင်းလိုက်ကြသည်။ အဆိပ်အပ်များနှင့် မြှားတွေက အသက်များကို အလွယ်တကူ ခြွေယူလိုက်သလို မြေပြင်တွင်လည်း ထောင်ချောက်များစွာပွင့်လာပြီး တပ်သားများကို တံဆို့ထိုးသလို ရက်စက်စွာ သတ်ဖြတ်လိုက်သည်။
" ဝေါ...ဝေါ.... "
" ဝုန်း... "
" အား....အား...."
" ကယ်..ကယ်ကြပါ.... "
သစ်တောထဲတွင် နားပင်းမတတ် အော်သံများနှင့် သေမင်း၏အသံများ ဆူညံနေပြီး တပ်မတစ်ခုလုံး ချေမှုန်းခံလိုက်ရတော့သည်။
" ယွမ်ချူးခန်.... ငါတို့ ညီအစ်ကိုတော်စပ်တဲ့ မျက်နှာတောင် မထောက်ပဲ မင်းက ဝင်္ကပါမြိုင်ကို ဖြိုခွဲချင်တယ်ဟုတ်လား။ ကောင်းပြီ။ မင်း လုပ်ထားသမျှ အားလုံး မင်း ပြန်ပေးဆပ်ရစေမယ်.... "
သွေးလွှမ်းသည့် မြင်ကွင်းကို ကြည့်ကာ ချိုဟန် အေးစက်စွာကြုံးဝါးကာ နန်းတော်ဘက်ကို ထွက်လာတော့သည်။ မိမိတို့ ဝင်္ကပါမြိုင်ကို ဖျက်ဆီးသည့် ယွမ်ချူးခန်ကို ထိုက်တန်သည့် အပြစ် ပြန်ပေးရမည်။
---------------------------
" နောင်တော်.... "
တိုလုအီသည် ကျောက်သစ်တောထဲက တပ်ကို အပြတ်ရှင်းပြီးနောက် ခေါ်သံကြားလိုက်ရသဖြင့် ရင်ထဲ စိတ်ချလက်ချဖြစ်သွားသည်။
" ချိုနန်... မင်း ဘာမှမဖြစ်ဘူးနော်... သံချပ် အဖွဲ့ကြီးက ဝင်္ကပါမြိုင်ဘက်ကို ချီသွားလို့ ကျုပ် စိုးရိမ်နေတာ... "
တိုလုအီက ချိုနန်ဘေးကို အမြန်သွားကာ လက်ကို ဆုပ်ကိုင်ပြီး ဒဏ်ရာရ မရ သေချာ စစ်ဆေးလိုက်သည်။ ဘာဒဏ်ရာမှ မရသည်ကို တွေ့မှ သက်ပြင်းချလိုက်မိသည်။
" ကျွန်တော် ဘာမှမဖြစ်ပါဘူး နောင်တော်တိုလုအီ... နောင်တော်တို့ အခု မြို့တော်ကို သွားမယ်မဟုတ်လား။ ဒီကိုယ်ကြပ်အင်္ကျီကို ဝတ်ထားပါ။ "
ချိုနန်က အသာယာပြုံးကာ ရင်ဘတ်ထဲက အနက်ရောင် ကိုယ်ကျပ်ဝတ်စုံတစ်ခုကို ထုတ်ကာ ပေးလိုက်သည်။
" ဒါက ဘာလဲ "
တိုလုအီက နားမလည်နိုင်စွာမေးလိုက်ပေမယ့် ဒါက ဝင်္ကပါမြိုင်က ရတနာတစ်ခုဖြစ်မည်ကို သဘောပေါက်လိုက်သည်။ မဟုတ်လျှင် ဝင်္ကပါမြိုင်ရဲ့ ဒုတိယ သခင်လေးက သူ့ကို တကူးတကပေးမည် မဟုတ်ပေ။
" ထူးဆန်းတဲ့သစ်ခေါက်နဲ့လုပ်ထားတာ။ ဒီဟာက မြှားတွေကိုတောင် ပြန်ကန်ထွက်သွားစေတယ်။ "
" မင်းပဲ ဝတ်ထားပါကွာ။ ကျုပ်က ရပါတယ်။ "
တိုလုအီသည် ချိုနန်၏ စေတနာကို ခံစားမိလိုက်ပြီး ရင်ထဲ နွေးထွေးသွားခဲ့သည်။ ချိုနန်ကို မချစ်ပဲ ယူခဲ့တယ် ဆိုပေမယ့် အခု လက်ရှိတွင် ချိုနန်က သူ၏ ခင်ပွန်းဖြစ်သည်။ ပြီးတော့ တိုက်ပွဲထဲတွင် ချိုနန် ဘေးကင်းဖို့လည်း အရေးကြီးသည်။ ဒါကြောင့် တိုလုအီက ငြင်းလိုက်ခြင်းဖြစ်သည်။
"ကျွန်တော့်မှာ အပိုရှိပါတယ်။ နောင်တော် ဝတ်ထားပါ "
ချိုနန်က ပင်ကိုယ်အတိုင်း အသာယာပြုံးကာ ပြောလိုက်သည်။ တိုလုအီက ချိုနန်၏ အေးချမ်းသော အပြုံးကို ငေးကြည့်လိုက်မိပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်ကာ လှမ်းယူရင်းပြောလိုက်သည်။
" အင်း..အင်း... ပြီးတာပဲ ။ ဒါနဲ့ မင်း ဒီခရီးမှာ ကိုယ့်ဘေးမှာပဲ နေ။ ကိုယ့်ကို အရိပ်သက်တော်စောင့်တွေ စောင့်ရှောက်ပေးနေတာမို့ ...မင်း ကိုယ့်ဘေးက မခွာပါနဲ့"
" ကျွန်တော်... ချိုစန်းတို့နဲ့ တောင်ပိုင်းကို သွားရဦးမယ်နောင်တော်.... တောင်ဘက်ပိုင်းကို နယ်စား 5 ဦးရဲ့တပ်တွေ ချီသွားတယ်တဲ့။ ဒါကို ကျွန်တော်တို့ သွားတားရမယ် "
ချိုနန်က တိုလုအီကို ကိုယ်ကျပ်အင်္ကျီဝတ်ရာတွင် ကူညီပေးရင်း ပြောလိုက်သည်။
" မင်း လူအင်အား ဘယ်လောက်နဲ့သွားမှာလဲ "
" ဝင်္ကပါမြိုင်က လက်ရွေးစင်တပ်ဖွဲ့တွေနဲ့ပါ.... နောင်တော် စိတ်မပူပါနဲ့ ။ ကျွန်တော်တို့ဆီမှာ အကာအကွယ် လက်နက် စုံလင်ပါတယ်"
တိုလုအီက ချိုနန်ကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ သူက ပုံမှန်ပင် အဝတ်ကူဝတ်ပေးပြီး မျက်လွှာချထားသဖြင့် တိုလုအီ သူ့ကိုခေါ်လိုက်သည်။
" ချိုနန်..."
" ဟုတ်ကဲ့ "
ချိုနန်က တိုလုအီကို မော့ကြည့်လိုက်သည်။ တိုလုအီသည် တောက်ပသော ချိုနန်၏ မျက်ဝန်းထဲက သူ့အပေါ် ချစ်ခင်မြတ်နိုးမှုကို ပထမဆုံး ရင်ထဲ သိမ့်ခနဲနေအောင် ခံစားလိုက်ရပြီး တံတွေး မြိုချကာ ပြောလိုက်သည်။
" မင်း...မင်း... ဘေးကင်းကင်းနဲ့ပြန်လာရမယ် "
" ဟုတ်ကဲ့ပါ နောင်တော်.... "
ချိုနန်က အသာပြုံးကာ ပြောလိုက်သည်။ စစ်မှန်သော ချစ်ခြင်းက ရောင်ပြန်ဟပ်ခဲ့လေပြီ။ ချိုနန်က သူ့ကို အရိုအသေပေးကာ ဝင်္ကပါမြိုင်တပ်များနှင့် ထွက်ခဲ့သည်။ ရင်ထဲတွင်တော့ နောင်တော် တိုလုအီ၏ စိုးရိမ်မှုနှင့် သံယောဇဉ်အရိပ်ငွေ့ကြောင့် တကိုယ်လုံး ပူနွေးလျက်ရှိသည်။
============================
BẠN ĐANG ĐỌC
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)
Tiểu thuyết Lịch sửစစ်နတ်ဘုရားရဲ့ အချစ်ဥယျာဉ် Season 1+2 တစ်မအေထဲက မွေးဖွားလာပေမယ့် ကြီးပြင်းရသည့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့စိတ်ဓါတ်၊ အတွေးခေါ်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားမယ်လို့ သင်တို့ထင်ပါသလဲ။ လူတစ်ချို့က ကိုယ့်လက်ထဲက အရာထက် အခြားလူလက်ထဲက အရာ...