Chapter (15) (Zawgyi+Unicode)
ထန်လိုခိသည် မိမိအခန်းထဲကို လူဝင်လာသဖြင့် မျက်လုံးမှိတ်ပြီး နားနေရာမှ မျက်လုံးဖွင့်ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ ငါ့ကို ဖမ်းထားတာ ဘာလိုချင်လို့လဲ...."
"ခင်ဗျားကို မလိုချင်ပါဘူး။ ခင်ဗျားရဲ့ ဇနီးလောင်းလေးကို လိုချင်တာ...."
ချိုဟန်၏ စကားကြောင့် ထန်လိုခိ၏ မျက်ဝန်းထဲ လူသတ်လိုရိပ်တို့ ဖြတ်ပြေးသွားသည်။
"မင်း စကားကို ဆင်ခြင်ပြောပါ... မင်းတို့ ဝင်္ကပါမြိုင်နဲ့ ငါ ဘာပြသနာမှမရှိဘူး။ ငါ့ကို ရန်မစရင် ကောင်းမယ်ထင်တယ်။ မင်း လိုချင်တာကို တောင်းဆိုလို့ရတယ်။ ဟီဒယ်ကို မထိနဲ့..."
"သြ...ခင်ဗျားက ကျုပ် ဘယ်သူဆိုတာ သိနေတာပဲ။ မဆိုးဘူး။ တထန်ပြည်ရဲ့ နာမည်စစ်ဘုရင်ပီသတယ်။ ကဲ ပြောကြည့်ပါဦး။ ခင်ဗျား ကျုပ်ကို ဘယ်လိုအရာပေးနိုင်မလဲလို့..."
ချိုဟန်က အထင်ကြီးဟန်ဖြင့် ပြောကာ ထန်လိုခိ၏ ရှေ့ရှိ ခုံတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။ ထန်လိုခိက ရုပ်ချောသလောက် မြာပွေလှသည့် ဝင်္ကပါမြိုင်၏ ပထမ သခင်လေးကို စိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
"မင်းမှာ မိန်းမလည်းမရှားဘူး။ အချောလှပေါင်းစုံကို မင်းပိုင်ဆိုင်ထားပြီးသား။ ကြည့်ရတာ... မင်းတို့ ဝင်္ကပါမြိုင်ကို ပြည်မအထိ တိုးချဲ့ချင်တာ ထင်ပါရဲ့။ မင်းတို့လိုချင်တာကို ကျုပ် ကူညီပေးနိုင်တယ်။"
"အင်း... ခင်ဗျားက ဒီလောက် အမြင်စူးရှလိမ့်မယ်လို့ တကယ်ထင်မထားမိဘူး။ ကြည့်ရတာ... ယွမ်ချူးခန် ခင်ဗျားတို့ အင်အားကို လျှော့တွက်မိပြီထင်တယ်.... "
ချိုဟန်က ဝန်မခံသော်လည်း သူ့စကားများအရ မိမိပြောတာ မှန်သွားပြီဆိုတာ သိရလို့ ထန်လိုခိ စိတ်သက်သာရာ ရသွားတော့သည်။ ချိုဟန်ရဲ့သတင်းကို မိမိရတာ မကြာသေးပေမယ့် ထူးခြားသည့် လုပ်ပုံကိုင်ပုံကြောင့် လျှို့ဝှက်သည့် မျိုးနွယ်စုကမှန်းသိကာ မိမိအဆက်သွယ်အဆုံးထိသုံးကာ ထောက်လှမ်းထားတာ အသုံးဝင်နေပြီ။ နောင်တော်ကုလန် မှန်းတာ တချက်မှ မမှားခဲ့ပေ။ ဒီကောင် ယွမ်ချူးခန် သူ့မယ်တော်ဘက်က အဆက်သွယ်ကိုပါ အသုံးချတဲ့အထိ မိုက်မဲလာပြီဆိုတော့ မိမိတို့လည်း အစွမ်းကုန် ပြချဖို့ပဲ ရှိတော့မည်။
"ခင်ဗျားတောင်ပိုင်းထိ အာဏာတိုးချဲ့ချင်လည်းရတယ်။ တိုင်းပြည်ထူထောင်ချင်လည်း ကူညီဖို့အသင့်ပဲ...."
ချိုဟန်က လှောင်ပြုံးဖြင့်ပြောလိုက်သည်။ ထန်လိုခိက ဘယ်လောက် စွမ်းလို့ မိမိတို့ မိသားစုထဲ ဝင်ပြောနိုင်မှာတဲ့လဲ။
"ကျုပ်တို့ မိသားစုအကြောင်းကို ဘယ်လောက်ထိ သိလို့ ခင်ဗျားက ကူညီမယ် ပြောရဲတာလဲ။ "
"သိတာပေါ့ဗျာ။ ခင်ဗျားတို့က အဆိပ်နဲ့ဝင်္ကပါ ပညာမှာ ပြိုင်စံရှားတယ်ဆိုတာ သိတာပေါ့...ပြီးတော့ ခင်ဗျားက အခုလို လျှို့ဝှက်နေရတာ မကြိုက်ဘူး။ ပေါ်ပေါ်ထင်ထင် နေချင်ပေမယ့် ခင်ဗျား ညီနှစ်ယောက်က လူမသိအောင်ပဲ နေချင်တယ်။ ဒါကြောင့် ခင်ဗျား အခက်တွေ့နေတယ် မဟုတ်လား။"
"ကျုပ်ညီတော်တွေက ခင်ဗျားကို အဆိပ်နဲ့ တခုခုလုပ်လိုက်မှာကို မစိုးရိမ်ဘူးလား...မင်းရဲ့စစ်ရေးစွမ်းရည်တွေက ဘာမှ မသုံးလိုက်ရသေးချင် အသက်ဘယ်က ထွက်မယ် မသိဖြစ်သွားမယ်..."
"နောင်တော်ကုလန်တစ်ယောက်လုံးရှိနေတာ ခင်ဗျားညီတွေ ကျွန်တော့်ကို ဘယ်လို အသက်သေတဲ့အထိ လုပ်ရဲမှာလဲ... ခင်ဗျားရဲ့ မျိုးနွယ်ထဲမှာ ဘယ်သူ့ကို ကူညီနားချပေးရမှာလဲ...ကျုပ်ကိုပြောပါ..."
"အင်း.. ခင်ဗျား ဒီသတင်းကို ဘယ်ကရလာသလဲ မသိပေမယ့် ကြည့်ရတာ ကျုပ်တို့ မျိုးနွယ်စုထဲထိ သူလျှိုထည့်ထားနိုင်ပုံရတယ်။ ခင်ဗျားက နောင်တော် ကုလန်လိုမျိုး အမြော်မြင်ကြီးတဲ့သူပဲ.... မဆိုးဘူး။ ခင်ဗျားနဲ့ ပူးပေါင်းလို့ ဖြစ်နိုင်တဲ့ပုံပဲ...."
ချိုဟန်က နောင်တော် ကုလန်၏ အမည်ကို တမင်ထည့်ပြောလိုက်သည့် ပါးနပ်သော တထန်ပြည်၏ အိမ်ရှေ့မင်းသားကို အထင်ကြီးသွားတော့သည်။
====================
သာယာလှပသည့် ဥယျာဉ်ငယ်လေး တစ်ခုထဲတွင် တန်ဖိုးကြီး ပိုးထည်ကို ဝတ်ဆင်ထားသည့် ဝူတိုင်းပြည်၏ အိမ်ရှေ့မိဖုရား မီဒယ်က မိမိရှေ့တွင် ထိုင်ကာ ရေနွေးကြမ်းကို သောက်နေသည့် လူငယ်၏ မျက်နှာကို ငေးကြည့်နေစဉ် မိမိကို စကားပြောလာခဲ့သဖြင့် အာရုံကို စုစည်းလိုက်သည်။
"မင်း ဘဝကို ဒီလိုပဲ အကုန်ခံတော့မှာလား။ မင်းဆီမှာ တိမ်မြှပ်နေတဲ့ အစွမ်းစတွေ အများကြီးရှိတယ် မီဒယ်... မင်း တထန်ပြည်ရဲ့ ဘုရင်မ မဖြစ်ချင်ဘူးလား။ မင်း အမ ဟီဒယ်ထက် သာတဲ့ ဘဝကို မရချင်ဘူးလား"
မီဒယ်သည် ထိုစကားကိုကြားသော် မျက်နှာပျက်သွားပြီး ဒေါသနှင့် မေးလိုက်သည်။ ယွမ်ချူးခန် မိမိရင်ထဲက လောဘကို ဘယ်လိုသိသွားသလဲဟုတွေးကာ မလုံမလဲဖြစ်နေသည်။ မိမိမယ်တော်ပင် မသိသေးသည့် မိမိ၏ တပ်မက်မှုကို ယွမ်ချူးခန် ဘယ်လိုသိနေတာတဲ့လဲ။
"ရှင် ဘာစကားပြောတာလဲ ယွမ်ချူးခန်။ ကျွန်မက ဝူပြည်ရဲ့ အိမ်ရှေ့မိဖုရားပါ။ ဘာကြောင့် တထန်ပြည်ရဲ့ ဘုရင်မဖြစ်ချင်ရမှာလဲ...ပြီးတော့ အမတော် ဟီဒယ်ရဲ့နေရာကို ကျွန်မ ဘာကြောင့် တပ်မက်ရမှာလဲ..."
"ဝူပြည်လို တိုင်းပြည်သေးသေးလေးမှာ မင်း တကယ်ပဲ ကျေနပ်နိုင်တယ်ပေါ့... မင်းကို မချစ်တဲ့ ယောက်ျားနဲ့ပေါင်းသင်းပြီး တိုင်းပြည်ငယ်လေးရဲ့မိဖုရားဘဝမှာ ကျေနပ်နိုင်တယ်ဆိုရင် မင်းကို ချီးကျူးရမှာပဲ... မီဒယ်..."
ယွမ်ချူးခန်သည် အေးအေးသက်သက်ပြုံးကာ မီဒယ်၏ ကိုယ်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ ဒီလိုပြောလိုက်ခြင်းဖြင့် မီဒယ် သေချာပေါက် လှုပ်ရှားလာမည်ကို အပိုင်သိနေသည်။ ဘာကြောင့်လဲဆိုတော့ မီဒယ်က ဘယ်လိုလူမျိုးဆိုတာ မိမိအသိဆုံးပဲဖြစ်သည်။
"ရှင်...ဘာစကားပြောတာလဲ... မောင်တော်က ကျွန်မကို ချစ်တယ်... ဘယ်လိုလုပ် အစ်မတော်ကို ချစ်ရမှာလဲ။ အမတော်နဲ့ မောင်တော်က ဘယ်လိုမှ မပတ်သတ်ဘူး။ ရှင်သွေးခွဲချင်ရင် အခြားလူကိုပဲ သွေးခွဲ။ ကျွန်မတော့ မရဘူး။"
"ဟုတ်လား။ မင်း ဒီဟာကို တကယ်ယုံလို့ပြောတာလား။ ငါ့ကို အရှက်ပြေပြောနေတာလား။ မင်း ကို မချစ်ပဲ မင်းအစ်မတော်ကို ချစ်နေတယ်ဆိုတာ ရှင်းနေတာတောင် မင်းက ငါ့ကို လိမ်နေချင်သေးတာလား။ မင်း အမတော်ချစ်နေတာကို သိလို့ မင်းကို စိတ်ဝင်စားလာအောင် မင်း ကြိုးစားခဲ့တာတွေ၊ မင်းခမည်းတော် မသေခင်က အသနားခံပြီး ဝူပြည်က မယ်တော်ကြီးဆီကို စာရေးခိုင်းခဲ့တာတွေ။ ဒါကြောင့် ဝူပြည်က မင်းကို လက်ထပ်ဖို့ လာရောက်ခေါ်ဆောင်တာတွေကို မင်းအစ်မ မသိပေမယ့် ငါ အကုန်သိတယ်။ မင်း လက်ဦးသွားလို့ပါ။ မဟုတ်ရင် မင်းရဲ့ ခင်ပွန်းသည်က မင်းအစ်မကို တောင်းရမ်းဖို့ သူ့မယ်တော်ကို ပြောနေခဲ့ပြီးသား...."
မီဒယ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ယွမ်ချူးခန်ကို မုန်းတီးစွာကြည့်ပြီး ပြောလိုက်သည်။
"ရှင် လျှောက်မပြောနဲ့။ ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ ကျွန်မ မယ်တော်ကြီးကို မေးခဲ့ပြီးသား။ မောင်တော်ကိုယ်တိုင် ကျွန်မကို လက်ထပ်ချင်ခဲ့တာ။ အစ်မတော်ကို အစကတည်းက အကိုတော် ထန်လိုခိက လက်ထပ်ဖို့ ရည်ရွယ်ထားတာ။ ဘယ်သူမှ အစ်မတော်ကို လက်ထပ်ခွင့် မတောင်းဝံ့ဘူးဆိုတာ လူတိုင်းသိတယ်။ မောင်တော်က ကျွန်မကို မချစ်ပေမယ့် အခု သူက ကျွန်မရဲ့ ခင်ပွန်းပါ။ ကျွန်မတို့ လင်မယားကြား ရှင်ဘာမှ ဝင်ပါစရာမလိုဘူး ယွမ်ချုးခန်။ ရှင်သာ ဆူမီရာကို မရလို့ လူတကာကို လှည့်စားပြီး နေတဲ့သူ..."
ယွမ်ချူးခန်၏ ရင်ထဲတွင် လူသတ်ချင်စိတ်တို့ ပေါ်လာသော်လည်း အပြုံးမပျက်ပဲ မီဒယ်ကို စိုက်ကြည့်ကာ အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
"ဆူမီရာရဲ့အချစ်ကို မရဘူးလို့ မင်းကို ဘယ်သူပြောတာလဲ။ ဆူမီရာ ငါ့ကို ချစ်မချစ်ဆိုတာ ငါ အသိဆုံးပဲ... ကဲ..ကဲ... မင်း ပျော်တယ်ဆိုလည်း ပြီးရော။ မင်း ခင်ပွန်းကို သေချာလေး ထိန်းထားလိုက်ပေါ့။ မင်းအမဆီ ပါမသွားစေနဲ့။ မဟုတ်ရင် ဖွတ်မရ ဓါးမဆုံးဖြစ်နေဦးမယ်.."
"ယွမ်ချူးခန်...ရှင်..."
မီဒယ်သည် ယွမ်ချူးခန်၏ စကားအဆုံး လှည့်ထွက်သွားသဖြင့် ဒေါသဖြင့် စကားမဆိုနိုင်အောင်ဖြစ်မိသည်။ ယွမ်ချူးခန်က မိမိကို အနိုင်နှင့်ပိုင်းက အမှောင်ထဲ ပျောက်ကွယ်သွားတော့သည်။ ယွမ်ချူးခန်မရှိတော့မှ ရင်ထဲ ပူပန်မှုတို့ဖြင့် တုန်ယင်လာတော့သည်။ ယွမ်ချူးခန်လို အာဏာကြီးသူက မသေချာပဲ ပြောမည်မဟုတ်ပေ။ ဒါဆို မောင်တော်က တကယ်ပဲ အမတော်ကို ချစ်နေပြီထင်တယ်။ မိမိကို လာခေါ်စဉ်က အမတော်ကို ကြည့်သည့် မျက်ဝန်းများကို သတိရပြီး မီဒယ် အသက်မရှုနိုင်အောင် ခံစားလာရသည်။ မုန်းသည်။ အမတော်ကို မုန်းသည်။ ငယ်ကတည်းက မိမိရသင့်သည့် အခွင့်ရေးအားလုံးကို အပိုင်သိမ်းထားသည့် အမတော်ကို မုန်းသည်။ အခုထိ မိမိဘဝ ကို လိုက်နှောက်ယှက်နေသည့် အမတော်ကို ဒီအတိုင်း ကြည့်နေလို့ မဖြစ်တော့ပေ။ တကယ်ပဲ မောင်တော့် အချစ်ကို သိမ်းပိုက်ထားလျှင် အမတော် ဟီဒယ် သေမှ မိမိ အေးချမ်းလိမ့်မည်။
====================
ဟီဒယ်သည် အခန်းထဲတွင် အိပ်မပျော်ပဲ အတွေးပွားနေစဉ် ရုတ်တရက် အခန်းထဲ ဝင်လာသည့် အကိုတော်ကြောင့် ထိတ်ခနဲဖြစ်သွားသည်။
"ဟင်...အကိုတော်.... ဘယ်လိုလွတ်လာတာလဲ..."
"အစောင့်တွေ အလစ်မှာ ထွက်လာတာ။ လာ...အမြန်ထွက်ကြစို့..."
ထန်လိုခိက ဟီဒယ်၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ ဟီဒယ်က အကိုတော်ကို စိုးရိမ်စွာဖြင့် ကြည့်ရင်း ပြောလိုက်စဉ် အကိုတော်က ဖြတ်ပြောလိုက်သည်။
"အကိုတော် အဆိပ်မမိဘူးလား။ သူတို့ အဆိပ်သုံးတတ်တယ်။ သူတို့က ဝင်္ကပါ မြိုင်ကလူတွေ..."
"ကိုယ်သိတယ်။ ဒါကို နောက်မှ ပြောကြစို့.....လာ... မြန်မြန်လေး ပြေးရအောင်... မဟုတ်ရင် သူတို့ရိပ်မိသွားလိမ့်မယ်..."
နှစ်ဦးသား တောထဲက အဆောက်အဦးထဲက ပြေးလာစဉ် လမ်းတစ်ဝက်ရောက်သော် ထန်လိုခိ ယိုင်သွားသဖြင့် ပြေးနေရာမှာ ရပ်ကာ ဟီဒယ်ကို ပြောလိုက်သည်။
"အ... ညီမ ဆက်ပြေးတော့။ အကိုတော်... ဒီကနေ သူတို့ကို ခုခံထားလိုက်မယ်..."
ဟီဒယ်က အကိုတော်၏ နဖူးပြင်မှ စိမ့်ထွက်လာသည့် ချွေးများကို တွေ့သော် စိုးရိမ်ပြီးမေးလိုက်သည်။ အကိုတော် အဆိပ်မိနေသလားဟု တွေးကာ အလောတကြီးမေးလိုက်သည်။
"ဟင့်အင်း...အကိုတော် ဘာဖြစ်တာလဲ... အကိုတော် အဆိပ်မိထားတာမလား..."
"ဟုတ်တယ်။ ဘာမှ မဖြစ်ဘူး။ ညီမ လွတ်အောင်ပြေး။ ဒီအကြောင်း နောင်တော် ကုလန်ကို သွားအကြောင်းကြားချေ။ ယွမ်ချူးခန်က တောင်းပိုင်းမှာ စိမ့်ဝင်နေတာ ကြာနေပြီ။ ဆူမီရာတို့ ချူလူလူတို့ တိုင်းပြည်ကို သူတို့ သူလျှိုလွှတ်မထားဘူးလို့ ပြောမရဘူး... သွား အရင်သွားတော့..."
ထန်လိုခိက ဟီဒယ်ကို တိုက်တွန်းကာ အပြန်ပြေးစေသည်။ မိမိတို့ ထွက်ပြေးလွတ်မြောက်လာသည်ကို ချိုဟန်ပြန်လာလို့ သိလျှင် တောနင်းရှာလိမ့်မည်။ ဟီဒယ်ကို မိလျှင်မိမိကိုလည်း ထပ်ပြီး အကျပ်ကိုင်ပေလိမ့်မည်။ အခုတောင် သူ ယုံအောင် မနည်းလှည့်ပတ်ကာ အပြင်ကို လွှတ်ထားလိုက်ခြင်းဖြစ်သည်။ သူ ပြန်မလာခင် ဟီဒယ် မိမိတို့ တထန်ပြည်ထဲကို ရောက်မှဖြစ်မည်။ မိမိကို ပြန်မိသွားတယ်ဆိုလျှင်တောင် နောင်တော်ကုလန်ကြောင့် နှိပ်စက်ရုံကလွဲပြီး သေသည်အထိ လုပ်မည်မဟုတ်ပေ။
ဟီဒယ်သည် အကိုတော်၏စကားကြောင့် ရင်ဘတ်ထဲ စူးအောင့်လာခဲ့ပြီး အကိုတော်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ခိုင်မာစွာပြောလိုက်သည်။
"ဟင့်အင်း... ညီမ မသွားနိုင်ဘူး။ အကိုတော်ကို ထားပြီး တယောက်တည်း အလွတ်မရုန်းနိုင်ဘူး..."
ထန်လိုခိက တက်လာသည့် အဆိပ်ဒဏ်ကို အံကြိတ်ခံကာ အမြန် ခပ်တင်းတင်းပြောလိုက်သည်။
"ညီမ... မင်း အကို့စကားကို နားမထောင်ဘူးလား။ အခုက သေရေးရှင်ရေးနော်..."
"ညီမ တယောက်တည်း ထွက်သွားလည်း ဘာမှ မထူးဘူး။ သူတို့ အကို့ကို မိနေသရွေ့ တထန်ပြည်ကို ချူပ်ကိုင်သွားနိုင်တယ်။ ဒါကြောင့် ညီမ အကို့ကိုပါ တစ်ခါတည်း ရအောင် ခေါ်သွားမယ်..."
ထန်လိုခိ၏ နဖူးမှ ချွေးသီးချွေးပေါက်ကျလာပြီး လေသံမာမာဖြင့် ပထမဆုံးပြောလိုက်မိသည်။ ဒီညီမက ဘယ်တော့မှ တကိုယ်ကောင်းမဆန်သည့်စိတ်ကို သိသူပီပီ သူမကို ခြောက်လိုက်မှဖြစ်မည်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဟီဒယ်လွတ်သွားလျှင် ကျေနပ်ပြီ။
"မင်း တကယ် အကို့စကားကို နားမထောင်ဘူးလား...ဟင် ဟီဒယ်.."
"အကို စိတ်ဆိုးချင်စိတ်ဆိုးတော့။ ညီမ နားမထောင်နိုင်ဘူး..."
ဟီဒယ်က သူထင်ထားသည်ထက် ခေါင်းမာသဖြင့် အနောက်မှ တောတိုးသံသဲ့သဲ့ကြောင့် ထန်လိုခိ ချက်ချင်း စိတ်လျှော့ကာ ပြောလိုက်ရတော့သည်။
"ကောင်းပြီ။ ဒါဆို ကိုယ်တို့ လျှိုအောက်ကို ဆင်းမယ်။ အဲ့ဒီအောက်မှာ လှိုက်ဂူတစ်ခုရှိတယ် မှတ်မိလား။ အဲ့မှာ ပုန်းနေရအောင်..."
===========================
YOU ARE READING
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)
Historical Fictionစစ်နတ်ဘုရားရဲ့ အချစ်ဥယျာဉ် Season 1+2 တစ်မအေထဲက မွေးဖွားလာပေမယ့် ကြီးပြင်းရသည့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့စိတ်ဓါတ်၊ အတွေးခေါ်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားမယ်လို့ သင်တို့ထင်ပါသလဲ။ လူတစ်ချို့က ကိုယ့်လက်ထဲက အရာထက် အခြားလူလက်ထဲက အရာ...