မုံရွာမှာအလုပ်ဝင်တာ အခုဆို 1 လပြည့်လုနီးပါး ရှိပြီးဖြစ်သည်။ အလုပ်အကိုင် အစားအသောက် အနေအထိုင်ကအစ လက်ပံ၏ကျေးဇူးဖြင့် အရာအားလုံး အဆင်ပြေခဲ့ပါသည်။ အဆင်မပြေတာကတော့ မန္တလေးမှ ထွက်လာစဉ်အခါက ကြွေးကြော်ခဲ့သော လက်ပံနှင့် ဆက်ဆံရေးကို upgrade လုပ်မည့်ကိစ္စပင်ဖြစ်သည်။ အခုတလော လက်ပံတစ်ယောက် တော်တော် အလုပ်ရှုပ်နေသည်။ ဆေးရုံကြီးတွင် အလုပ်ဆင်းရသည့်အပြင် ဆေးခန်းမှာပါ အလုပ်လုပ်နေရသည့်အတွက် မျက်သွယ်ဦးတစ်ယောက် လက်ပံမျက်နှာကိုပင် မြင်ရဖို့ ခဲယဉ်းလှသည်။ ဆေးခန်းအတူတူလုပ်နေသည် ဆိုသော်လည်း နေ့လည်ပိုင်း ဂျူတီမတက်ခင်လေးသာ မျက်နှာမြင်ရသည်။ ညဘက်တွေ့ရန်ကြပြန်တော့လည်း မိမိကိုယ်တိုင်က ည၈နာရီလောက်မှသာပြန်ရောက်ပြီး ထမင်းစားချိန်လေးခဏသာ မျက်နှာမြင် စကားလက်ဆုံကျ၍ ပင်ပန်းလွန်းလှသဖြင့် အသီးသီး အိပ်ရာဆီသို့သာ ဝင်မိကြတော့သည်။
ရာသီဥတုမှာလည်း နွေအကုန် မိုးဦးကာလသို့ပင် ရောက်လာသည်။ မိုးမရွာသေးသော်လည်း တစ်ခါတစ်ရံ လေပြင်းများ တိုက်ချင်လာပြီဖြစ်သည်။ နေရထိုင်ရတာကတော့ ပူစပ်စပ်ပင် ဖြစ်သည်။ ဒီနေ့ညတော့ လေလေးနည်းနည်းဆော့၍ နေလို့ထိုင်လို့ကောင်းလှသည်။ ခုနကပင် လက်ပံနှင့် ညစာအတူစားပြီး လေ့လာစရာ စာများရှိနေသေး၍ အခန်းထဲသို့ ပြန်လာသည်။ အပေါ်ထပ် အရောက် ခေါင်းအုံးတစ်လုံးနှင့် အခန်းထဲက ထွက်လာသူက လက်ပံ.........
"ခေါင်းအုံးကြီးနဲ့ ဘယ်သွားမလို့လဲ လက်ပံရဲ့"
"အော် မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်ပေါ်လေ ဒီနေ့လေလည်းနည်းနည်းတိုက်တယ်ဆိုတော့ အဲ့ဒီအောက် ခနသွားလှဲပြီး ကြယ်တွေကြည့်မလားလို့ လေလတ်လတ်ဆတ်ဆတ်လေးလည်း ရှုရင်းပေါ့ Dr ရောလိုက်ခဲ့ပါလား"
"လုပ်စရာလေးတွေ ရှိသေးလို့ မလိုက်တော့ပါဘူး လက်ပံ"
"ဟုတ်ကဲ့ Dr လက်ပံသွားလိုက်ဦးမယ်"
မျက်သွယ်ဦး အခန်းထဲသို့ ဝင်ခဲ့လိုက်တောါသည်။ Laptop ကိုဖွင့်ပြီး appendix ခွဲစိတ်မှုတစ်ခု video file အား လေ့လာနေလိုက်သည်။ သို့သော် စိတ်သည် စာထဲမရောက်ဘဲ လက်ပံဆီသို့သာ ပျံ့လွင့်နေသည်။
YOU ARE READING
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်