သဲငယ်ရဲ့ စကားအဆုံး အရာအာလုံးငြိမ်သက်သွားသည်။ ဆွံ့အနေသော လူတစ်ယောက်ကဲ့သို့ လက်ပံ ပြောထွက်ဖို့ မည်သည့်အသံမှ ပြုလို့မရပါ။ ဘေစင်မှ တစ်ချက်တစ်ချက် ကျနေသော ရေစက်ကျသံ၊ တိုင်ကပ်နာရီမှ နာရီလက်တံလည်သံ အရာအာလုံးကို ကြားနေကြဖြစ်သော်လည်း ဒီနေ့ကျမှ ထိုအသံတွေက ဆူညံလွန်းလှသည်ဟု လက်ပံတွေးမိသည်။ Airconအရှိန်နှင့် အခန်းက အေးစက်သော်လည်း လက်ပံရင်ထဲမှာတော့ ခပ်ပြင်းပြင်း ဝီစကီတစ်ခွက်ကို မျိုချလိုက်သကဲ့သို့ ပူလောင်လွန်းလှသည်။ အနီးစားပွဲပေါ်ရှိ သဲငယ်ကို ဧည့်ခံထားသော နို့အေးခွက်ကို ကြံရာမရကောက်မော့လိုက်သည်။
သဲငယ်က pancake တစ်ဇွန်းထပ်စားရင်း ထပ်ပြောပြန်သည်။
"ဟုတ်တယ်လေ ငါသိသလောက်ဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ငါတို့မတွေ့ကြဘူး နင်ရွာလာရင်လည်း နင်လာတယ်ဟေ့လို့သာ အသံကြားရတာ သွားရှာရင် ပြန်သွားပြီဆိုတာနဲ့ပဲ တိုးတာများတယ် နောက်ပြီး နင်ကအရင်လို ဘယ်နေ့ပြန်လာမယ် ဘယ်နေ့တော့တွေ့မယ် ဘာညာဆိုပြီး ငါ့ကို လှမ်းမဆက်သွယ်ဘူး"
လက်ပံ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဖြေရှင်းဖို့ ပြင်လိုက်သည်။
"အဲ့ဒါက ငါ့ဖုန်းက firmwareကျပြီး contactတွေအကုန်ပျက်သွားလို့ နောက်ပြီး အရင်လို တွေ့ရအောင် မချိန်းဘူးဆိုတာလည်း နင်က လူလွတ်မှ မဟုတ်တော့တာ မအားမှာကြောက်လို့"
"အဲ့နှစ်တွေမယ် ငါရွာပြန်တာ နည်းတယ် လာလည်း ခဏပဲ ကျောင်းပြီးပြီးချင်း သူငယ်ချင်းတစ်ယောက်အဆက်အသွယ်နဲ့ ငါ မန္တလေးမှာပဲ အလုပ်ဝင်လိုက်လို့ပါ"
ထိုမှသာ သဲငယ် တွေးတွေးဆဆဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ လက်ခံသွားသည်။ သို့သော် ဒီနေရာတွင် မရပ် ထပ်မေးပြန်သည်။
"လက်ပံ နင်ကကော ဘယ်တော့ လက်ထပ်မှာလဲ နိုင်လင်းဝေနဲ့ သတင်းကတော့ ငါမကြားချင်မှအဆုံး ရွာမှာက"
လက်ပံရင်ထဲထိတ်သွားတာတော့အမှန်ပင်။ မိမိကိုယ်တိုင် အိမ်မပြန်ဖြစ်တာ ရှစ်လနီးပါးလောက်ရှိပြီဖြစ်သည်။ ထို့ကြောင့် မိမိ မိသားစုဝင်များနှင့် ပတ်သတ်သည့် သာရေး နာရေးသာ ကြားရသည်မှအပ ရွာနှင့် အဆက်ပြတ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
YOU ARE READING
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်