"တီ.......တီ........တီ"
ကားဟွန်းသံအကျယ်ကြီးကြောင့် မနက်စောစော တမာပင်ကြီးတွင် နားနေကြသော စာတစ်အုပ် လန့်ဖြန့်ကာ ပျံသွားကြသည်။ မနက်စာစားဖို့ပြင်နေရာမှ မေလက်ပံနှင့် မျက်သွယ်ဦး နှစ်ယောက်သား အိမ်ပြင်သို့ ထွက်ကြည့်ကြသည်။
"အဘိုးတို့လာပြီထင်တယ်လက်ပံ"
"ဟဲ့ ငဦး ခြံတံခါးလေး ဘာလေးဖွင့်ပါဟ ကားကအထဲထိဝင်မှရမှာ"
ကိုဖြိုးက ကားပေါ်မှမဆင်းပဲ ကားတံခါးမှ ခေါင်းပြူရင်း ပြောလိုက်သည်။
"အေးပါဟ လာပါပြီ"
မျက်သွယ်ဦး နောက်မှကပ်ပါလာသော မေလက်ပံက ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ မေလက်ပံတို့ အိမ်ရှေ့လမ်းလေးမှာ ကားတစ်စီးဝင်ဖို့သာ အဆင်ပြေသည်။ ထို့ကြောင့် လမ်းဘက်ကိုပြန်ထွက်လိုပါက ခြံတွင်းသို့ ကားဝင်၍ ဝိုက်မှသာ အဆင်ပြေသည်။ ကိုဖြိုးပြောသည်မှာ မမှားပေ။
"ကိုင်း ကိုယ်တော်ချော မောင်းတော်မူပါရှင့်"
မျက်သွယ်ဦး ကိုဖြိုးအား ရွဲ့ဖြစ်အောင် ရွဲ့လိုက်သေးသည်။
"လာဆင်း ဒေါ်လေး၊ အဘိုးလည်း ဖြည်းဖြည်းဆင်း"
"လက်ပံ ဒါက ကျွန်တော့် အဘိုးနဲ့ဒေါ်လေး၊ ဒီတစ်ယောက်ကတော့ ကျွန်တော့်သူငယ်ချင်း ဖြိုးဇော်လင်းတဲ့"
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ရှင့် ကျွန်မက မေလက်ပံပါ"
Dr၏ ဒေါ်လေးသည် အသက်လေးဆယ်ကျော် သက်လတ်ပိုင်း smart ကျကျ အမျိုးသမီးဖြစ်သည်။ Dr ကဲ့သို့ပင် အရပ်ရှည်သည်။ အဘိုးကတော့ အသက်အတော်ကြီးပြီဖြစ်သည်။ ကိုဖြိုးဇော်လင်းသည်လည်း ခင်မင်စရာ ကောင်းလှအောင် မျက်နှာချိုသော လူတစ်ယောက်ဖြစ်သည်။
"ကျေးဇူးပါပဲ သမီးရေ သွယ်လေးကို အခန်းဌားပေးတဲ့အတွက်"
"ရပါတယ် ဒေါ်လေး သမီးလည်း အဖော်ရပါတယ်"
"အဘိုးနဲ့ ဒေါ်လေးထိုင်နားကြပါ သမီးတို့ပဲ ပစ္စည်းတွေ ချလိုက်မယ်"
"ကိုဖြိုးလာ ပစ္စည်းတွေချရအောင်"
မျက်သွယ်ဦး အဘိုးနှင့် ဒေါ်လေးကို ဧည့်ခန်းထဲတွင် ထားခဲ့ပြီး ကားဆီသို့ သွားလိုက်သည်။ နဂိုကတည်းက ပရိဘောဂအစုံအလင်ရှိပြီးသားဖြစ်၍ မျက်သွယ်ဦး အဝတ်အစားနှင့် အသုံးအဆောင်တစ်ချို့ကိုသာ မှာလိုက်သည်။ ထို့ကြောင့် ပစ္စည်းမှာ သိပ်မများပေ။
BINABASA MO ANG
The Last One (Zawgyi + Unicode)
General Fictionကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်