40(Final)

5.1K 526 128
                                    

ZAWGYI

ဒီနေ့က ChanYeol၏ ပုံမှန်ဆန်သော နေ့ရက်များစွာထဲက တစ်ရက်ဖြစ်သည်။

သူက အားကစားရုံမှ အလုပ်ထွက်ပြီးသည့်နောက်တွင် အရင်ကတက်ခဲ့သော အထက်တန်းကျောင်းမှာ တိုက်ကွမ်ဒိုနည်းပြအဖြစ် အလုပ်ဝင်ခဲ့သည်။

ဒီနေ့က ကျောင်းပိတ်ရက်မို့ သူတစ်နေကုန်အားနေသဖြင့် အိမ်မှာပဲ အချိန်ကုန်ဖြစ်သည်။ စာအုပ်ဖတ်၊ တီဗွီကြည့်၊ ဟင်းချက်၊ ဂစ်တာနှင့် စန္ဒယားတီး စသည်တို့ကိုသာ အပတ်တိုင်းလုပ်နေရသော်လည်း သူက ငြီးငွေ့သွားခြင်းမရှိပေ။

တကယ်စိတ်ပါသည့်တစ်စုံတစ်ခုကို လုပ်နေရလျှင် ငြီးငွေ့ခြင်းဆိုတာ သူနှင့်အဝေးဆုံးမှာ ရှိနေသောအရာတစ်ခုဖြစ်သည်။ BaekHyunကလည်း သူ့အတွက် ဘယ်တော့မှ ငြီးငွေ့မသွားမည့် လူတစ်ယောက်ဖြစ်ခဲ့သည်ထင်၏။

"ဟင်းတွေကို မစားခင် အရင်‌နွှေးဦးနော်"

မေမေက အရံဟင်းဘူးများကို ရေခဲသေတ္တာထဲသို့ ထည့်ရင်း ပြောသည်။

"သားဘာသာ ချက်စားလို့ရပါတယ်"

သူက ဂစ်တာကြိုးများကို ညှိနေရင်း ‌ပြန်ပြောမိတော့ မေမေက အရေးအကြောင်းတစ်ချို့ရှိစပြု‌နေပြီဖြစ်သော မျက်နှာကို တစ်ချက်မဲ့ကာ သူ့ဆီ မျက်စောင်းထိုးလာသည်။

"အဲ့လို ကိုယ့်ဘာသာ ချက်ထားတဲ့ ငန်တူးချဉ်စုတ်နေတဲ့ဟင်းတွေကို စားပြီး‌ ဆေးရုံရောက်တာ ဘယ်နှခါရှိပြီလဲ..မမှတ်သေးဘူးလား"

"အခုနောက်ပိုင်း နည်းနည်းစားလို့ရလာပါတယ်..အမေရ"

"ဟင်းလေးနည်းနည်းပါးပါးပိုချက်ပြီး လာပေးရတာ ဘာမှအပန်းမကြီးဘူး.."

မေမေက ယူလာသော ဟင်းဘူးများကို ထည့်ပြီးတော့ ‌၀ရံတာမှာ လှန်းထားသော သူ့အ၀တ်များကို သွားရုတ်နေပြန်သည်။

"မိုးရွာတော့မယ်ထင်တယ်...တိမ်တွေက ညိုနေတာပဲ"

အ၀တ်များ တပွေ့တပိုက်ဖြင့် အထဲပြန်ဝင်လာသော မေမေ့စကားကြောင့် သူလည်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်မိသည်။

ဆည်းဆာချိန်ဖြစ်သော်လည်း ကောင်းကင်တစ်ခုလုံးတွင် တိမ်ညိုတိမ်မည်းများက နေရာယူထားသဖြင့် နေမင်းသည်ပင် ထင်ထင်ရှားရှား နှုတ်မဆက်နိုင်ရှာပေ။ ဒီညလည်း မိုးသည်းဦးမည်ထင်၏။

Something Kinda CrazyTahanan ng mga kuwento. Tumuklas ngayon