23

2.4K 477 28
                                    

ZAWGYI

နံနက်အစောပိုင်း စီးလာခဲ့ရသော ကားပေါ်မှာ ကောင်းကောင်း မအိပ်ခဲ့ရ၍ ChanYeolခေါင်းထဲ နောက်ကျိနေသည်။ ကားပေါ်မှာ BaekHyunနှင့် ခုံနေရာမနီးခဲ့သလို၊ တစ်စီးလုံး နေရာလွတ်မရှိအောင် လူပြည့်နေခဲ့ပြီး BaekHyun ဘေးမှာလည်း ဂျူနီယာ‌ကောင်လေးတစ်ယောက် ထိုင်နေသဖြင့် ChanYeol၏ ဆုတောင်းများ တစ်ခုမှ မပြည့်ခဲ့ဟုဆိုရမည်။

မေမေက အဘွားနေခဲ့သော အိမ်ကို ရှင်းပြီးမှ ပြန်လာခဲ့မည်ဆိုသဖြင့် အိမ်မှာ သူတစ်ယောက်တည်းသာ။ ChanYeolက အဘွားကို ဆုံးရှုံးလိုက်ရခြင်းဖြစ်‌သော်လည်း မေမေကတော့ သူ့အမေကို လက်လွှတ်လိုက်ရခြင်းဖြစ်သဖြင့် အိမ်ရှင်းဖို့တစ်ခုတည်းအတွက် နေခဲ့ခြင်းမဟုတ်ကြောင်း သူ ရိပ်စားမိသည်။ ဖေဖေက အလုပ်မှ တစ်ပတ်ခွင့်ယူထားကာ မေမေ့အနား ရှိ‌နေပေး၍ သူ စိတ်ချလက်ချ ပြန်လာနိုင်ခဲ့ခြင်းပင်။

ဒီလိုအချိန် အိမ်မှာ တစ်ယောက်တည်း ရှိနေလျှင် သူ့ဝမ်းနည်းမှုက အဆတိုးလာမည်စိုးသဖြင့် ကျောင်းသို့ စောစော‌ထွက်လာခဲ့ခြင်း၏ အကျိုးဆက်မှာ စာသင်ခန်းတစ်ခန်းလုံးမှာ သူတစ်ယောက်တည်းသာ ရှိနေရသည်။ ကျောင်းစောစောလာတတ်သော Jong Inသည်ပင် မရောက်‌သေး။ စာလုပ်ချင်စိတ်လည်း မရှိတာမို့ ပျင်းရိစွာ လက်ထောက်ထားရင်း ‌ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်မိသည်။ ဆောင်းဦး၏ နံနက်ခင်းသည် ထူးထူးခြားခြား လှပနေသည်တော့ မဟုတ်။

"အဘွားအတွက် စိတ်မကောင်းပါဘူးကွာ"

Jong Inက ထိုင်ခုံမှာ ၀င်ထိုင်ရင်း ပြောတော့ သူ ခပ်ဖျော့ဖျော့သာ ပြုံးမိသည်။ BaekHyunနှင့် အဆင်ပြေသွားသော်လည်း အဘွားအတွက် စိတ်မကောင်းမှုက သူ့ရင်ထဲ ကျန်ရှိနေသေးသည်။

"ဒါနဲ့ မင်းသိလား..BaekHyunလည်း မင်းတို့မြို့ကို သွားခဲ့တယ်တဲ့..မီးပုံးပွဲတော်အတွက်"

အပြင်က ကြားလာဟန်တူသော BaekHyunအ‌ကြောင်း သတင်းတစ်ပုဒ်ကို Jong Inက ပြောပြလာတော့ သူ မသိသလို ဟန်ဆောင်နေရသည်။ Jong Inကို သူနှင့် BaekHyunတွေ့ခဲ့သည့်အကြောင်း၊ သူတို့ကြားက ဆက်ဆံရေး တစ်ဆင့်တိုးခဲ့သည့်အကြောင်း ပြောပြချင်‌သော်လည်း မဖြစ်ပေ။ 'ဘယ်သူ့ကိုမှ မပြောရဘူးနော်' ဟု ပြောလာသော BaekHyun၏စကားကို သူ အလေးထားသည်။

Something Kinda CrazyDove le storie prendono vita. Scoprilo ora