Lips smell of Sea

4.5K 799 56
                                    

၁၉၅၃ အောက်တိုဘာလ ၊ တောင်ကိုရီးယား။

ဆောင်းဦးရာသီမှာ ရွာဝင်လမ်းတစ်လျှောက် နှစ်တစ်ရာသီး ဂင်ဂိုပင် တွေ ဝါထိန်နေပြီး လမ်းမတစ်ခုလုံး အရွက်ကြွေအဝါတွေနဲ့ ဖုံးလွှမ်းနေသည်။ ယူဒယ်တောင်ထိပ်မှာ နေမပွင့်ခင်တိမ်ပင်လယ်တို့ ဖြစ်ထွန်းနေပြီး ၊ လူလတ်ပိုင်းတချို့ က တုတ်ကောက်တွေကိုင်လို့ ကျန်းမာရေးအရ တောင်တက်ကြလေ့ရှိသည်။

ကတ္တရာစေး အနည်းငယ်ဖြင့်ခင်းထားသော ကျောက်စရစ်ခင်းသည့် ကမ်းနားလမ်းသည် ထင်သလောက် မညက်ညောသလို ကြမ်းတမ်းနေသည်လည်းမဟုတ်ပါ။ အလုပ်စောသိမ်းကာ ပြန်လာသော တံငါသည်များကို နှုတ်ဆက်၍ ရွာရဲ့အနောက်တောင်ဘက်မှာ တည်ရှိတဲ့ မီးပြတိုက်အဟောင်းကြီးဆီ ဘတ်ဟျွန်းထွက်လာခဲ့တော့ အချိန်သည် နေမဝင်ခင် ညနေစောင်းဖြစ်သည်။
အရှေ့လက်ကိုင်တွင် မော်တာမီးလုံးပါသော(ခြေထောက်နင်းရင်နင်းသလောက်လင်းသည့်မီး) မောင်တိန်စက်ဘီးဟောင်းတစ်စီးဖြင့် ကမ်းနားလမ်းတစ်လျှောက် ဖြေးညှင်းစွာနင်းနေမိသည်။ စက်ဘီးရဲ့နောက်ထိုင်ခုံမှာ သစ်သားသေတ္တာအဟောင်းလေးကို နှီးကြိုးတို့နဲ့ သေချာတုပ်နှောင်ထားသည်။ ဆားနံ့သင်းသော ပင်လယ်လေတို့က သူ့ပါးပြင်တစ်လျှောက်ဖြတ်တိုက်လို့

ဂျပန်တို့ ရှိစဉ်က မော့ပိုဒေသ သည် စည်ကားသော ဆိပ်ခံတစ်နေရာဖြစ်ခဲ့သော်လည်း ယခုတွင်တော့ အလုံးစုံက ငြိမ်ကျ သွားသည်။ ပင်လယ်ကွေ့တော်တော်များများတွင် မီးပြတိုက်များတည်ဆောက်ထားခဲ့ပါသော်လည်း
အသုံးမပြုသော အရာများအဖြစ်သာ ကျန်ရှိခဲ့သည်။
ထိုထဲတွင်မှ ရွာရဲ့ အနောက်တောင်ဘက်က မီးပြတိုက်သည် ဘတ်ဟျွန်း ပုံမှန်သွားထိုင်တတ်သည့် နေရာတစ်ခုဖြစ်သည်။

ကျောက်ဆောင်အငေါတို့ ထိုးထွက်နေသည့် ပင်လယ်ကမ်းစပ်အကွေ့တွင် အစွန်းတင်ကာ တည်ဆောက်ထားသော မီးပြတိုက်သည် ပင်လယ်လှိုင်းပုတ်သံတို့ဖြင့် အမြဲတစေ အသက်ဝင်နေ တတ်သည်။
မီးပြတိုက်သို့ သွားရာလမ်းတွင် ယိုယွင်းပျက်စီးနေသော ခြံစည်းရိုးသည် သစ်သားတိုင်ငုတ်တိုတို့အဖြစ်သာ ဟိုနားတစ်စု ဒီနားတစ်စု ကျန်ရှိနေပြီး
ဘတ်ဟျွန်းက အနီးဆုံးသစ်သားတိုင်မှာ သူ့ရဲ့စက်ဘီးကိုမှီကာ ထားခဲ့လိုက်ပြီး သေတ္တာလေးကို မ ယူကာ မီးပြတိုက်ဆီဦးတည်လိုက်သည်။

Ab imo pectoreWhere stories live. Discover now