[Unicode]
ကျနော် ပြီးခဲ့တဲ့လက အညာဘက်က ကျေးရွာတစ်ခုမှာ ကျနော့်ဆရာ ဦးဆောင်တဲ့ ပညာဒါန စာသင်ဝိုင်းလေးမှာ လုပ်အားသွားပေးဖြစ်တယ်။ ရွာကခေါင်တော့ ဖုန်းလိုင်းကလည်း မမိ၊ အင်တာနက်က သာဆိုးသေး။ ဒီတော့ ကျနော် လိုင်းမတက်နိုင်ခဲ့ဘူး။
လေးလေး ကျနော့်ဆီ ပို့ထားတဲ့ စာတွေလည်း ကျနော် အခုမှ ဖတ်ခွင့်ရတယ်။ အဲ့ဒီအတွက် ကျနော် အရင်ဆုံးတောင်းပန်လိုပါတယ်။
လေးလေး မကြာခဏ မေးထားတဲ့ မေးခွန်းကို ကျနော် ဖြေပါမယ်။ ကျနော် ဆေးလိုင်း မလိုက်ဖြစ်ပါ။ ကျနော် ဝါသနာ မပါတဲ့နေရာတစ်ခုမှာ ကျနော် နှစ်ရှည်လများ ခြေချုပ်မမိချင်ဘူး။ တက္ကသိုလ် ပညာတော့ ကျနော် ဆက်လိုချင်သေးတဲ့အတွက် ရန်ကုန် တက္ကသိုလ်မှာပဲ စိတ်ပညာဆက်တက်ပါမယ်။ ကျနော် ရခဲ့တဲ့ ဂုဏ်ထူးငါးခုကို ကျနော် မနှမြောပါဘူး။ လုပ်သင့်တာကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ပဲ ကိုယ့်ဘာသာ အားရမိတယ်။
အမေကတော့ စစ်ကိုင်းချောင်မှာ ပျော်နေပြီ ထင်တယ်။ တစ်နေ့က အမေ့ဆီ ကျနော်ရောက်တယ်။ အမေက ယောဂီလေးနဲ့ မျက်လွှာချလို့။ တစ်ခါမှ အမေ့မျက်နှာလေး အဲ့လောက် ကြည်စင်နေတာ မမြင်ဖူးဘူး။ ကျနော့်ကိုလည်း ကျောင်းဝေယျာဝစ္စ လုပ်အားကုသိုလ်အနေနဲ့ ကျောင်းကြီးမှာ ကြမ်းတိုက်ခိုင်းတယ်။ ညနေတိုင်း တရားထိုင်ကြတယ်။
အမေနဲ့ နေရတဲ့အခိုက်မှာ အေးချမ်းခြင်းအစစ်အမှန်နဲ့ ခဏတာတော့ နီးစပ်ခွင့် ရလိုက်သလိုပဲ။
ဒါပေမယ့် လေးလေးကို ကျနော် ဝန်ခံဖူးတဲ့အတိုင်း ကျနော့်ကိုယ်ထဲမှာ ဂီတသွေးဟာ တရှိန်းရှိန်း စီးဆင်းနေတယ်။ ကျနော့်အိပ်မက်တွေ အတွက် ကျနော်ဟာ ဒီအေးချမ်းခြင်းလေးက ခဏတော့ ခွဲခွာရဦးမယ်။
အမေဟာ နေသားကျရုံမက ကျနော်ပြန်မယ်ပြောတော့ အရင်လို စိတ်မကောင်းဟန်တောင် မပြတော့ဘူး။
ဒါပေမယ့် အမေ့မေတ္တာငွေ့ငွေ့လေးတော့ ကျနော်ခံစားရဆဲပါပဲ။
စစ်ကိုင်းကအပြန် ဟိုက်ဝေးကားစီးတုန်း ကျနော် တစ်ညလုံး မအိပ်ဘူး။ လမင်းကြီးကို ကျနော်ရှာတယ်။ လမင်းကြီးက ကျနော့်ကို ပြန်ရှာတယ်။
ကျနော် ဖေဖေ့ကို သတိရမိတယ်။ ငယ်ငယ်က လေးလေး လာလည်တုန်းက ဖေဖေရယ်၊ လေးလေးရယ်၊ ကျနော်ရယ် ညကြီးမှာ အိမ်ရှေ့မှာ အနွေးဓာတ်ရအောင် မီးဖိုလေး ဖိုပြီး စကားတွေပြောကြတာ အမှတ်ရမိတယ်။ အဲ့ တစ်ချိန်တုန်းက လေးလေးပြောတဲ့ စကားလေ။ တာရာဟာ လင်းစက်သွေး အပြည့်ပဲတဲ့။ အဲ့တုန်းက အဲ့စကားရဲ့ အတိမ်အနက်ကို ကျနော် နားမလည်ခဲ့ဘူး။ ခု နားလည်ခဲ့ပြီ။
လေးလေးကျော်နိုင်ရဲ့ မေတ္တာနဲ့ စောင့်ရှောက်မှုတွေ၊ အန်တီ တင်မမရဲ့ ဆုံးမမှုတွေကို ရင်ထဲ ဆင်ခြင်နေဆဲပါ။ ကျနော် ဒီစာကနေပဲ လေးလေးနဲ့ အန်တီကို ကန်တော့ပါရစေ။
ESTÁS LEYENDO
You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]
Ficción GeneralTaya and his mother move to the Tharawon House after his father had passed away. The tradegy comes when he fall in love with his cousin.