[Unicode]အခန်း (၄၃)
သရဝဏ်စံအိမ်။
လွန်ခဲ့သောရှစ်နှစ်က သည်အိမ်ကြီးကို စတင်မြင်ခဲ့ရစဉ် ဖေဖေကြီးပြင်းခဲ့သော အိမ်ကြီးပါလားဟူသော အားကိုးသော အသိနှင့် အကြာကြီးမော့ကြည့်နေမိခဲ့သည်ကို သတိရမိသည်။ထို့အတူ တစ်ယောက်လက်တစ်ယောက် ခပ်တင်းတင်း ဆုပ်ကာ အပြန်အလှန်အားပေးနေကြသော သားအမိနှစ်ယောက်ရဲ့ ခြေလှမ်းများမှာ စိုးကြောက်မှု၊စိတ်မလုံခြုံမှုများပါ ကပ်ပါနေမည်ကို ပြောပြဖို့ပင် လိုမည်မထင်။
သို့သော် ပြီးခဲ့ပြီလေ.....။
စင်စစ်တော့ တာရာသည် ရှစ်နှစ်အကြာမှာ ကျော်ကြားသော အဆိုတော်တာရာ အနေနဲ့ သည်အိမ်တံခါးပေါက်ထဲသို့ ယုံကြည်မှုရှိရှိနှင့် ဝင်လာနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် မပျောက်သော အမာရွတ်ကလေးက တစ်ဘဝလုံးတည်မြဲသလိုပင် သည်အိမ်ကြီးကို ခြေချမိသည်နှင့် သည်ဝေဒနာက ဦးနှောက်ရဲ့ သညာမှာ သဲ့သဲ့လေး ပေါ်လာပြန်သည်။
အထူးသဖြင့် တာရာငယ်ဘဝက နေခဲ့သော အိမ်ကလေးကို ပြန်မြင်လိုက်ရချိန်မှာ နှလုံးသားမှာ စူးခနဲ တစ်ချက်အောင့်သွားသည်။
အိပ်မက်တွေထဲမှာ တခါတရံ ယောင်ယမ်းမက်တတ်သော သည်အခန်းလေးက ယခင်တာရာတို့ နေခဲ့စဉ်တုန်းကနဲ့ မတူ အခန်းဖွဲ့စည်းပုံ ပြောင်းလဲသွားပါပြီ။ တာရာ့အိပ်ခန်းလေးကပင် စတိုခန်းပုံစံဖြစ်နေပြီ။
တာရာ့ရဲ့ ပန်းရောင်နုဖတ်ဖတ်ခံစားချက်များ စတင်နိုးကြားရာ အခန်းငယ်လေးဖြစ်သည်။ သည်အခန်းလေးမှာ ရန်နိုင်နဲ့ စာကျက်ခဲ့ဖူးသည်။ တူယှဉ်အိပ်ခဲ့ဖူးသည်။
တာရာ လွှတ်ခနဲ ပြုံးမိသွားသည်။
ထို့နောက် ဘေးက ပန်းခင်းကြီးကို ပြတင်းပေါက်ကနေ မျှော်ငေးမိသည်။ မာလီအသစ်ရဲ့ ပြုစုယုယမှုကြောင့် ပန်းခင်းလေးက အရင်ကလိုပဲ အသက်ဝင်လှပဆဲ ဖြစ်သည်။
တာရာ့ဘေးမှာ ရှပ်အင်္ကျီအပြာကွက်၊ ကချင်ပုဆိုးနှင့် ဆံဖြူခေါင်း ဖြစ်နေပြီဖြစ်သော ဦးခင်ဇော်က တာရာနဲ့ အတူ သည်ပန်းခင်းကို ကြည့်ကာ မျက်ရည်တို့ ကျနေသည်။
VOCÊ ESTÁ LENDO
You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]
Ficção GeralTaya and his mother move to the Tharawon House after his father had passed away. The tradegy comes when he fall in love with his cousin.