သီထွဋ် နှင့် အစ်မဖြစ်သူ သီသီတို့သည် မုံ့ကူးမြို့၏ စျေးအတွင်းသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ ပျားပန်းခတ်မျှ များပြားလှသော လူများသည် သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့နေကြလေသည်။ စျေးဆိုသည့်အတိုင်းပင် စျေးခေါ်သံ စျေးဆစ်သံများကလည်း ဆက်ရစ် ငှက်ကောင်ငယ်များလိုပင် ဆူညံနေကြလေသည်။ သီထွဋ်သည် ထိုမနက်ခင်းစျေးကို တစ်ခေါက်ဖြစ်ဖြစ်တောင် မရောက်ဖူးသော်လည်း မည်မျှခွဲခွာရမည်မသိသော ချက်ကြွေဇာတိမြို့လေး၏ မနက်ခင်းစျေး အလှကို ရှုစားရန်အတွက် အစ်မဖြစ်သူနဲ့ လိုက်လာခဲ့ခြင်းပင်ဖြစ်သည်။
အလင်းရောင်စဥ် အနည်းငယ်သန်းလာသည့်အချိန်၌ သီထွဋ်တို့၏ စျေးဝယ်ခြင်း လုပ်ငန်းမှာလည်း ပြီးဆုံးသွားပြီဖြစ်၍ ကားရပ်ထားရာ နေရာဆီသို့ ပြန်လာခဲ့ကြပေသည်။ စျေးရုံကြီး အထွက် ခပ်လှမ်းလှမ်း၌ ကားနှင့် အနည်းငယ်မျှလှမ်းနေသေးသောနေရာ၌ သီသီတစ်ယောက် လူတစ်ယောက်နှင့် ဝင်တိုက်မိတော့သည်။
" ဒုတ်. "
" အ "
" အာ ဆောရီး ဆောရီး ညီမ.. အစ်မက မမြင်လိုက်မိလို့ "
လဲသွားသော မိန်းကလေးအား ထူမ၍ သီသီသည် လောကွတ်ညီစွာ တောင်းပန်သော်လည်း ထိုမိန်းကလေးမှာ အနည်းမျှတောင် အဖက်မလုပ်ပေ။ မျက်တောင်တစ်ခတ်မျှသော အချိန်၌ ထိုမိန်းကလေးဘေးသို့ အရပ်ခပ်မြင့်မြင့် အမျိုးသားတစ်ဦး ပြေးကာရောက်ရှိလာသည်။
ထိုအမျိုးသား၏ မျက်ဝန်းတို့၌ ထိုမိန်းကလေးအပေါ် စိုးရိမ်စိတ်တို့အား အထင်းသားမြင်တွေ့နေရလေသည်။" ရရဲ့လား ခင်လေး "
ထိုမိန်းကလေးသည် အဆင်ပြေသည်လည်းမဖြေ ၊ မပြေသည်ဟုလည်း မပြောပေ။ အဖြေမလာသော မေးခွန်းအဆုံး၌ ထိုအမျိုးသားသည် သီသီအား စူးခနဲ ကြည့်လာ၏ ။
" ခင်များ လူတစ်ယောက်လုံးဝင်တိုက်ရအောင် ကန်းနေတာလား "
" တောင်းပန်ပါတယ် ဒီကမောင်လေးရယ် အစ်မက သတိမထားမိဘူးဖြစ်သွားတာ "
" အဲ့တာပဲ ခင်များတို့ မြို့ကြီးသားတွေ
အရမ်းနမော်နမဲ့နိုင်တယ် အခု ခင်လေးလက်တွေပွန်းသွားပြီ ခင်များတို့ဘာလုပ်ပေးမလဲ "