ကွက်လပ် < Unicode >
ဆိုင်းသံ ဗုံသံများဖြင့် ရွာ၏ မနက်အစောပိုင်းသည် ကျက်သရေအဖြာဖြာလင်းလက်နေ၏ ။ အိပ်ယာ အပြောင်းအလဲဖြစ်သော်ငြား သီထွဋ်သည် နှစ်ခြိုက်စွာပင် အိပ်၍ပျော်ခဲ့လေသည်။ ကျွန်းအိမ်မကြီး၏ အပေါ်ထပ်တွင် အိပ်ခန်းနှစ်ခန်းပါရှိ၏။ အခုလောလောဆယ်တော့ သီထွဋ်တို့မောင်နှမနှစ်ယောက် ပိုင်လေသည်။ သီထွဋ်၏အခန်းသည် စံမင်းမြတ်ဆိုသူ၏ အခန်းဖြစ်သည်ဟု မောင်ပုပြောပြချက်အရသိရသည်။ လူကိုမတွေ့ဖူးသော်ငြား ထိုသူသည် ဤရွာတွင် အတော်လေးအရေးပါပုံပေါ်၏ ။
စံသုတ ဆိုသူကိုတောင် ရွာက အလေးပေးကြသည်ဖြစ်ရာ ထိုခေါင်းမင်းဆိုသူကိုတော့ တွေးကြည့်စရာပင်မလိုအပ်ပါပေ။
သီထွဋ်သည် အခန်းကိုဝေ့ကြည့်လိုက်ပြီး ပြုံးလိုက်မိ၏ ။ သူ၏ အသိနိုးကြားကြားခြင်း ဦးနှောက်ထဲဝင်လာသည်က တစ်ကြိမ်မျှပင် မတွေ့ဖူးသေးသော ခေါင်းမင်းဆိုသူ အကြောင်းဖြစ်လေသည်။ အနည်းငယ်တော့ ရယ်ချင်စရာပင် မဟုတ်ပေလား ။" အစ်ကိုလေး နိုးနေပြီလား "
" အင်း..မမရောနိုးပြီလား "
" နိုးပါ့ဗျာ ဆရာမလေးက မ-လေး..နဲ့ အလှူမဏ္ဍပ်တောင်ရောက်သွားရောပေါ့ "
သီထွဋ် မျက်ခုံးပင့်မိလိုက်၏ ၊ သိပ်တော့မထူးဆန်းချေ ၊ အစ်မဖြစ်သူသည် အိမ်တွင်လည်း စောစောထတတ်သူဖြစ်သောကြောင့်ပင်၊ ယခု သူထချိန်သည် နေပင်မြင့်ပြီမဟုတ်လား၊
လက်မှ နာရီကို သတိတရကြည့်မိတော့ ၇နာရီပင်ခွဲချေတော့မည်။
သီထွဋ်သည် ရှက်ရွံစွာဖြင့် အနည်းငယ်မျှ ပြုံးပြလျက်" ငါ ပင်ပန်းလို့နေမယ် တရေးတောင်မနိုးဘူး "
" ဟုတ်မှာပါဗျာ မနေ့က တနေကုန်နီးပါး မောင်းလာခဲ့ရတော့ ပင်ပန်းရောပေါ့ ဒါကြောင့်လည်း ဆရာမလေးက
မနှိုးပဲ သွားလေတော့တာ "မောင်ပုသည် ယောပုဆိုး အပြာရောင်နဲ့ ရှပ်အဖြူကို ဝတ်ဆင်ထားသည်ဖြစ်ရာ အလှူပွဲအတွက်ပြင်ထားမှန်းသိသာလှသည်။ ပါးပြင်နှစ်ဖက်တွင်လည်း သနပ်ခါးတို့အား လိမ်းကျံထားသေး၏။
" မင်းရော သွားတော့မလို့လား "
" ကျွန်တော်က တစ်ခေါက်ရောက်ခဲ့ပြီးပြီဗျ အစ်ကိုလေးနိုးပြီလား လာကြည့်တာ "