< Unicode >
အချိန်အားဖြင့် ၁၁နာရီကျော်နေပြီဖြစ်သည် ။ စံမင်းတစ်ယောက် စိတ်မရှည်ချင်တော့ ။ ကိုယ်က သူစိတ်ဆိုးသွား၍ အလုပ်ထဲ၌ စိတ်ကမဖြောင့်သဖြင့် မြန်မြန်လက်စသပ်ကာ ပြန်ခဲ့သော်ငြား ထိုလူသားက အိမ်တွင်ရှိမနေနှင့် ။ ပါလာသည့် ငါးများပင် ကင်ထားပြီး၍ ကျက်နေပြီဖြစ်သော်ငြား ရောက်မလာသေးသည့် သူကြောင့် စိတ်ကတိုလာပြီဖြစ်သည် ။
" အမဲ့တို့ သုတတို့က ဘယ်အိမ် သွားလည်တာလဲ ကျွန်တော် သွားခေါ်လိုက်မယ် "
မသိမသာ ပျက်ယွင်းသွားသော မျက်နှာများကို ကြည့်ကာ စံမင်း စိတ်က ပို၍ပင် မကြည်မလင်ဖြစ်ကာ တစ်ခုခုမှားနေပြီမှန်းသဘောပေါက်လိုက်သည် ။
" ကျစ်...ဘာလဲ အနောက်ဘက်တောထဲသွားတာလား "
" လူလေးရယ် ကလေးက သွားချင်နေတာကို တစ်ခါတစ်လေလေး သွားပါစေကွယ် ပြန်လာရင်လည်း အရမ်းကြီးမဆူနေနှင့်ဦး သူ့ဋ္ဌာနေလည်းမဟုတ်လေတော့ အားငယ်သွားဦးမယ် "
" သူ့ဋ္ဌာနေ မဟုတ်လို့ပေါ့ ဘကြီးရ ၊ လူက နုနုထွတ်ထွတ်နဲ့ တစ်ခုခုဖြစ်သွားရင် ဘာမှ တတ်နိုင်တာ မဟုတ်ဘူး ၊ ဘကြီးတို့ကလည်း မရရအောင် တားတာ မဟုတ်ဘူးဗျာ "
စံမင်း သည်လောက်တားကာ မလိုက်စေချင်သည့်ကြားက ဘယ်ကဘယ်လိုတည့်သွားသည်မသိသည့် သုတနှင့် ခိုးလိုက်သွားသော ငနဲလေးအား စိတ်ကတော်တော်ပေါက်သွားသည် ။
ပြန်လာမှ မှတ်လောက်သားလောက်အောင် ဆူပစ်လိုက်ဦးမယ်
ဘကြီးနိုင်ဝင်းသည်ကား တူဖြစ်သူ စံမင်းမြတ်ကိုကြည့်ကာ ဆေးတံကိုသာ ခပ်ပြင်းပြင်းဖွာလိုက်ပြီး ဆိတ်ဆိတ်သာ နေလိုက်တော့သည် ။ သူတို့အပေါ် လေသံကို တစ်ခါမျှ မမာဖူးသူက အခုတော့ စိတ်မရှည်စွာပင် ဆူငေါက်လိုက်သေးသည် ။ တူဖြစ်သူ၏ ထိုကလေးအပေါ် ဂရုစိုက်မှုက ဟန်ပင်မဆောင်နိုင်ရှာပေ ။ သို့သော် စံဝင်း
သည် တူဖြစ်သူကို မငြိုငြင်မိ ။
မြို့က ရောက်လာကတည်းကစ ငယ်ငယ်ကလို ပြုံးရယ်ခြင်းမရှိပဲ တည်ငြိမ်အေးစက်သော သူ့တူကို ခံစားချက်မျိုးစုံ ပေးစွမ်းနိုင်သည်မှာ ထိုကောင်လေးပင်ဖြစ်၍ စိတ်တိုစေသည်မှာလည်း အထူးဆန်းကြီးတော့ မဟုတ်လှပေ ။ ထိုကလေး ရောက်လာသည့်အချိန်မှစ၍ ပြုံးတတ်လာသည် ၊ တစ်ခါတစ်ရံ ရယ်သံများပင် ကြားရတတ်သည် ။
ယခုတော့ တစ်စုံတစ်ဦးကို စိတ်ပူပေးရမည်မှန်းပင် သိနေပြီဖြစ်သည် ။
လူ့ဘဝဆိုသည်ကား ထိုသို့ ရသစုံ ပြဇာတ်ကို ကနေမှသာ အနှစ်သာရရှိမည် မဟုတ်လား ။
နိုင်ဝင်းသည် ဘေးနားရှိ မဟေသီကို ကြည့်ကာ မချိပြုံး ပြုံးပြလိုက်တော့ မဟေသီသည်လည်း အမျိုးအမည် မဖော်နိုင်သော အပြုံးကိုပြန်ပြုံးပြလျက် ခေါင်းခါလေ၏ ။