Zawgyi
" ကို..ကို့ "
အသံစာစာလေးနဲ့ ပြေးလာသော ဝသုန်လေးကို သီထွဋ်က ဆီးကြိုပြီး ပွေ့ချီလိုက်သည် ။
" အာ..ကိုကို့ ဝသုန်လေးက သနပ်ခါးတွေနဲ့ ချစ်ဖို့ကောင်းနေပါလား "
" ဟီး..ဟီး ချိုချဉ်စားချင်တယ် "
" ချိုချဉ်လား ဝယ်ကျွေးမှာပေါ့ "
ဆိုပြီး စံမင်းကို ကြည့်လာသည် ။ ကောင်လေးက ဘယ်တုန်းကများ ပိုက်ဆံကို ပါအောင်တကူးတက ယူခဲ့ဖူးလို့လဲ ။
" အိမ်ပြန်ရောက်ရင် ကိုယ့်ကို အာဘွားတစ်ခါ ပေးရမယ် "
အနားသို့ကပ်ကာ ခပ်တိုးတိုးလေးပြောလာသောသူ့ကို သီထွဋ်လေးက မျက်မှောင်ကြုံ ကြည့်လာသည် ။
" အာ..ကိုကို ဒီနေ့ပိုက်ပိုက် မေ့နေခဲ့တာ နောက်နေ့ကျမှ အများကြီးဝယ်ကျွေးမယ်နော် "
စံမင်းမှာ မသက်မသာ ခံစားလိုက်ရသည် ။
" ဟာကွာ..တကယ်ဆိုးတာပဲ "
စံမင်းက စိတ်ပျက်လက်ပျက်ဆိုတော့ သီထွဋ်က ကျေနပ်ပြုံးလေး ပြုံးသည် ။ လူကို အခွင့်အရေးယူချင်နေသေးတယ် ။ သူ နမ်းတာတောင်များလှပြီကို သီထွဋ်က နမ်းပေးရဦးမည်တဲ့ ၊ တော်တော်ကို လောဘကြီးသည့် လူကြီး ဖြစ်သည် ။
" သီထွဋ်လေးကကွာ.."
" ကဲ ငြီးမနေနဲ့.. "
" ကိုကို ကျောင်းလာပို့တာလား "
သီထွဋ်စကားသံက သူတို့နောက်က ပေါ်ထွက်လာသော အသံချိုချိုလေးအောက်မှာ ပျောက်ဆုံးသွားရတော့သည် ။
အသံလာရာသို့ နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြသည် ။ သီထွဋ်မြင်လိုက်ရသည်က အစ်ကိုစံမင်းကို ပြုံးပြကာ သူတို့ဆီ လျှောက်လာနေသော ဒေါက်တာ လင်းမဟော်ဆိုသူကိုပင် ဖြစ်သည် ။
အစ်ကိုစံမင်းနဲ့ ပြန်ပြေလည်သွားသည်လား ၊ ဘယ်တုန်းကလဲ စသော မေးခွန်းများက ခေါင်းထဲ တန်းစီ၍ ပေါ်လာသည် ။" သြော် ကိုလင်းမဟော်ကိုး "
စံမင်းက ပုံမှန်အတိုင်း ပြန်နှုတ်ဆက်လိုက်သည် ။ သူတို့ ပြန်သင့်မြတ်သွားသည်ဟုပဲ စံမင်းယူဆထားသည် ။ ထို့အတွက်ကြောင့် တစ်ဖက်က နှုတ်ဆက်လာသည့်အခါ မသိချင်ယောင်ဆောင်လို့ မဖြစ်ပေ ။
စံမင်းက မမေ့မလျော့ သီထွဋ်လေးကိုလည်း အကဲခတ်ကြည့်လိုက်သေး၏ ။
သီထွဋ်လေးကလည်း ပြန်ပြုံးပြကာပင် အသိအမှတ်ပြု နှုတ်ဆက်လေသည် ။