<Unicode >
" ဟာကွာ..ကြည့်ပါဦး "
" ဘာဖြစ်လို့လဲ အစ်ကိုစံမင်းရဲ့ "
" ဘုန်းကြီးကျောင်းကို တရားနာသွားမှာ ဒီလောက်ကြီးပြင်ခဲ့စရာလိုလို့လား "
" အရမ်း ကြည့်ကောင်းနေလို့လား "
" အင်း.. သီထွဋ်လေးက သိပ်ပြီးကြည့်ကောင်းနေတော့ ကိုယ် စိတ်မချတော့ဘူး "
" ဟွန့် .. ယုံရဦးမယ် အစ်ကိုစံမင်းကရော ကြည့်မကောင်းလို့လား ၊ မိန်းကလေးတွေက ကျွန်တော့်လို ဖြူဖြူနုနုလေးထက် အစ်ကိုစံမင်းလို ယောကျ်ားဆန်တဲ့သူတွေကို ပို သဘောကျကြတာ "
" သြော်.. ကိုယ့်ကိုယ်ကို ဖြူဖြူနုနုလေးမှန်းတော့ သိသေးသားပဲ "
ထိုအချိန်တွင်ပင် အိမ်အောက်က သုတရဲ့ အော်သံ ထွက်လာသည် ။
" ဟိုအပေါ်က နှစ်ယောက် မပြီးကြသေးဘူးလား အချိန်ကိုလည်း ကြည့်ကြဦး မိန်းကလေးတွေတောင်ပြီးပြီ ၊ မြန်မြန်ဆင်းခဲ့ကြတော့ "
သုတရဲ့ အသံဆာဆာကို ကြားမှ နှစ်ယောက်သားက လက်မှ နာရီ အသီးသီးကို ကြည့်လိုက်ကြသည် ။
ပြီးမှ နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး ပြိုင်တူ ပြုံးပြလိုက်ကြမိ၏ ။ ထို့နောက် အခန်းထဲမှ မြန်မြန်ထွက်ကာ ခပ်သွက်သွက် ဆင်းခဲ့ကြတော့သည် ။" ဟက်..မပြောချင်ဘူးနော်.. ကိုယ့်ကိုယ်ကို မင်းသားတွေလို့ ထင်မနေကြနဲ့ဦး "
" ကိုသုတကလည်း ကျွန်တော်တို့က မင်းသားတွေထက် ပိုချောတာပေါ့ "
" ဒီမှာ ငါ့ညီလေး ကိုယ့်ဘက်ကို သိပ်မယက်နဲ့ အားနေရင်လည်း မဟော်သဓာ ရုပ်ပြလေးကို ဖတ်ဦး "
" ဘာမှ မဆိုင်ဘူး "
" သိတယ်.. မဆိုင်မှန်းသိတယ် သွားမယ် လမ်းက လျှောက်ရဦးမှာနဲ့.. ဘုန်းကြီးပြန်ကြွမှ ရောက်ချင်လို့လား "
ပြောပြီးသည်နဲ့ မောင်ပုနှင့်အတူ ရှေ့က ထွက်သွားသည် ။ မမက ပြုံးနေကာ ဆရာမ စုပုံချစ်က သူမအစ်ကိုကို မနိုင်ဘူးဟု ဆိုကာ ခေါင်းရမ်းသည် ။