Zawgyi
" ကိုယ် သီထွဋ်လေး ကိုချစ်တယ် "
ပုစွန်ဆီရောင် မနက်ခင်းအောက်မှာ ကျေးငှက်တစ်ချို့၏ တေးသီသံတွေကြားဝယ် ကောက်စိုက်သမလေးများ၏ သဘာဝအလှကို မှတ်တမ်းတင်နေသော သီထွဋ်၏ လက်များမှာ ရပ်တန့်သွားသည် ။ သူကြားလိုက်ရတဲ့ စကားကို မယုံကြည်နိုင် ဖြစ်နေပြီး ငြိမ်သက်သွားခဲ့သည် ။ ထို့နောက် နားကြားမှားသည်ဟု မှတ်ယူလိုက်ကာ လယ်ကွင်းများဆီသို့ အာရုံပြန်ထားလိုက်သည် ။
ထဘီကို ဒူးဆစ်နားထိ ခပ်တိုတို ဝတ်ဆင်ထားကြပြီး သနပ်ခါး ပါးကွက်များနှင့် ကျောရိုးနှင့် ခါးကို ညွှတ်ကိုင်းလျက် ကောက်စိုက်နေကြသော ကောက်စိုက်သမများရှိရာ လယ်ကွက်များဆီသို့ အကောင်းဆုံးပုံများရရန် သေချာ ချိန်ယူလိုက်သည် ။ ရှုထောင့် အမျိုးမျိုးကို ချိန်ကြည့်ပြီးနောက် သူ စိတ်ကျေနပ်သည့် ဗျူးကို တွေ့သည်နဲ့ ကင်မရာ ခလုတ်ကို နှိပ်လိုက်လေသည် ။
" သီထွဋ်လေး ကိုယ်ပြောတာ ကြားလိုက်ရဲ့လား "
" ဟင်..ဘာပြောလိုက်တာလဲ "
" ကိုယ် သီထွဋ်လေးကို ချစ်တယ်လို့ "
နှစ်ကြိမ်မြောက်သော စကားအဆုံးမှာ သူနားကြားမှားသည်ဟူ၍ ကိုယ့်ကိုယ်ကို လိမ်လို့ မရတော့ပေ ။ သူက ဒီလိုမျိုး အခြေအနေကို အကြိမ်ကြိမ်တွေးမိဖူးပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘာမှ မတုန့်ပြန်နိုင်ခဲ့ဘူး ။ ထိုအစား စိတ်လှုပ်ရှားမှုနဲ့အတူ နှလုံးခုန်သံကလည်း မြန်နေခဲ့သည် ။ လေတဖြူးဖြူးတိုက်နေခဲ့သည့်တိုင် သူ့လက်တွေမှာ ချွေးစေးများထွက်လာခဲ့တော့သည် ။ သူဟာ လက်ဖဝါးအချင်းချင်း ပွတ်တိုက်နေခဲ့ပြီး ဖွင့်ပြောလာသူကိုတောင် မျက်လုံးချင်း မဆုံရဲခဲ့ဘူး ။
" ကိုယ့်ကို စဉ်းစားပေး ပါလား "
" သီထွဋ်လေးသာ ကိုယ့်အချစ်ကို လက်ခံပေးမယ်ဆိုရင် ပတ်ဝန်းကျင်က ပြောစကားတွေကလည်း ကာကွယ်ပေးမယ် သီထွဋ်လေး မိသားစုက လက်ခံလာအောင်လည်း ကြိုးစားပေးနိုင်တယ် တစ်သက်လုံး ပျော်အောင်ထားပေးမယ်လို့ ကတိမပေးနိုင်ပေမယ့် သီထွဋ်လေး မျက်နှာ မညှိုးအောင် အတတ်နိုင်ဆုံး ကိုယ်ကြိုးစားပေးမယ် ၊ ကိုယ့်ကို စဉ်းစားပေးမှာလား "