အခန်း ၂၄

273 25 0
                                    

Unicode


အရုဏ်ဦး လင်းကြက်တွန်သံကြောင့် သီထွဋ်၏ အသိစိတ်လေးက မနိုးတနိုးဖြစ်၍ လာ၏ ။ အေးစိမ့်စိမ့်ရှိလှသဖြင့် ကိုယ်ကို တတ်နိုင်သမျှ ကွေးထားသည့်တိုင် အနွေးဓာတ်လေးကို တောင့်တနေမိသည် ။ နောက်ဆုံးမှာတော့ လက်တစ်ဖက်က မမြင်မစမ်းနဲ့ ဘေးပတ်လည်ကို လိုက်ရမ်းနေလိုက်၏ ။ လက်နှင့် ရမ်းနေရာမှ မတွေ့၍ ခြေရင်းမှာများရှိမလားလို့ ခြေထောက်နဲ့ စမ်းကြည့်ပြန်၏ ။ အဆုံးမှာတော့ သီထွဋ်၏ မပွင့်ချင်သော မျက်လုံးများကို ဖွင့်လိုက်ရပေတော့သည် ။ ကုတင်ရဲ့ ဟိုဟိုဒီဒီ လှည့်ကြည့်ပေမဲ့လည်း မရှိ ။ ထို့ကြောင့်ပင် ကုတင်ညာဘက်ကို ငုံကြည့်လိုက်၏ ။
မတွေ့သေး.. ။ ထို့ကြောင့် ဘေးနားက တစ်ယောက်ကို ကျော်၍ ငုံကြည့်လိုက်တော့ ပုံကျနေသော စောင်ကို တွေ့ရလေပြီ ။ ရာသီဥတုက ညဦးပိုင်းတွင် အိုက်ပြီး လင်းခါနီးဆို သိသိသာသာ အေးလာပေပြီ ။ မအိပ်ခင်တွင် ပူသောကြောင့် စောင်ကို ခပ်ဝေးဝေးထား၏ ။ မနက်ဆို ဒုက္ခရောက်ရပြီ ။ အစ်ကိုစံမင်းရှိရင် အလိုက်တသိ ခြုံပေးတတ်၍ မနက်တိုင်း နွေးနွေးထွေးထွေးလေးနဲ့ အိပ်ရေးဝဝ အိပ်ရသည် ။ အစ်ကိုစံမင်းမရှိသည့် လေးရက်အတွင်း သီထွဋ်ဟာ အစောကြီးနိုးနေတတ်ပြီး အိပ်ရေးမဝတော့ ။ အကြောင်းရင်းကတော့ ချမ်းလွန်း၍ စောင်ကို ထ ထပြီးရှာခြုံရသောကြောင့် ဖြစ်လေ၏ ။ ဘေးနားကလူကတော့ ချမ်းပုံမရပေ ၊ သူက သီထွဋ်ထက်တောင် အအိပ်မက်သေးသည် ။ သီထွဋ် စောင်ထရှာတိုင်းသူက ဘယ်တော့မှ မနိုး ။

ပုံကျနေသော စောင်ကို ဆွဲယူလိုက်ပြီး စောင်ထဲ ကွေးလိုက်သည် ။ သို့သော် အိပ်၍ မရတော့ပေ ။ ရုတ်တရက်ကြီး တစ်စုံတစ်ယောက်ကို အရမ်းလွမ်းလာရသည် ။ ရင်ဘတ်က အနည်းငယ် အောင့်တက်ကာ နှလုံးသားက တစ်စုံတစ်ယောက်ကို တမ်းတနေမိတော့သည် ။ ထိုခံစားချက်က အမေ့ကို ဆုံးရှုံးလိုက်ရတုန်းကထက်တောင် ဆိုးနေသလိုပင် ။ ဝမ်းနည်းသည်လည်း မဟုတ်ပါပဲ ရင်ဘတ်တစ်ခုလုံး ဆို့နင်၍နေတော့သည် ။

လွမ်းလိုက်တာ ဒါနဲ့များ ငါက သူ့ကို ထားခဲ့မိမှာ စိုးနေသေးတယ် ငါသာ သူ့ကို ထားခဲ့လိုက်မိရင် လွမ်းနာကျပြီး သေမှာပဲ.. .လေးရက်တောင်ရှိပြီ ဘာလို့ မပြန်ခဲ့ကြသေးတာလဲ

ကွက်လပ်Where stories live. Discover now