၂၀၀၂ခုနှစ် အောက်တိုဘာ ၂၁ရက်
" ဟိုဘက်နားလေးရော ထွန်း.. ၊ ခြံတိုင်မှာ အများကြီးမထွန်းနဲ့လေ အာ..အိမ်နောက်မှာရော ထွန်းရဦးမှာ.. ရှေ့မှာပဲ ထွန်းမနေကြနဲ့လေ ချန်ထားကြဦး "
သုတတစ်ယောက် အသံကျယ်ကြီးနဲ့ အော်ဟစ်သောင်းကျန်နေတော့သည် ။
အိမ်အနီးနားတစ်ဝိုက်တွင်တော့ သူ့အသံချည်းသား ။ဆီမီးခွက်လေးတွေထဲ ရေနံဆီထည့်ထားပြီး ဝါဂွမ်းစလေးပါ နှစ်ထားပြီး မီးညှိထားသည် ။ ဆီမီးခွက်များနှင့် ဖယောင်းတိုင်များကို ထွန်းထားသဖြင့် အစ်ကိုစံမင်းတို့၏ ခြံဝင်းကျယ်ကြီးက မီးရောင်ဖြင့် ထိန်ထိန်ညီးလျက်ရှိသည် ။
" သီထွဋ်လေး ဘုရားကို လိုက်ပို့ပေးရဦးမလား "
" အစ်ကိုစံမင်းက သွားချင်လို့လား "
" တစ်ရွာလုံးက သွားကြမှာပဲလေ ပြီးရင် ၁၀နာရီလောက်ကျရင် မီးပုံးလွှတ်ကြမှာ သီထွဋ်လေး ကြည့်ချင်ရင် လိုက်ပို့ပေးမယ်လေ "
" သွားမယ်လေ "
" ဟိုနှစ်ယောက် ကလူမနေနဲ့ သွား. ခြံနောက်မှ သွားထွန်းကြ "
" ဘယ်သူတွေက ကလူနေလို့လဲ "
" ညီလေးတို့နှစ်ယောက်လေ "
" ကိုသုတက မနာလိုနေတာမို့လား အားကျနေရင် မခင်လေးဆီ သွားလေ "
" သြော..မခေပါလား ညီလေးက ၊ သွားမှာပါကွာ အတင်းကို လွှတ်နေတော့တာပဲ "
" သုတ "
" ဟုတ် ကိုကို "
" မစနဲ့တော့ "
" အင်း..အင်း အစတောင် မခံတော့ဘူးနော်..ဟွန့် "
မကျေမချမ်းရေရွတ်ကာ မောင်ပုနား ကပ်ကာ သွားတော့သည် ။
...
" ကိုလေးက သိပ်ဆိုးတာပဲ မောင်လေးသီထွဋ်ကို လိုက်လိုက်စနေတော့တာပဲ "
" ဒါပေမဲ့ သူ့ကြောင့် အိမ်ပျော်နေရတယ်မို့လား "
" ဒါတော့ ဟုတ်တယ်မမ သူနဲ့နေရင် လုံးဝမပျင်းရဘူးနော်.. တစ်ယောက်မဟုတ် တစ်ယောက် လိုက်လိုက်စနေတော့တာ တစ်ရွာလုံးမှာ သူမစရဲတာ ကိုကိုပဲ ရှိတယ် "