< Unicode >
မနက်ခင်းအလင်းရောင်နုနုသည် မျက်လုံးအိမ်ပေါ် မထိတထိလာရောက်ကျီစယ်တော့ စံမင်း၏ အကျင့်ဖြစ်နေသော မျက်လုံးများက အလိုအလျောက်ပွင့်လာသည် ။ ညက အိပ်ရေးနောက်ကျ၍ မနက်အိပ်ယာထနောက်ကျခြင်းဖြစ်လေသည် ။ သန်းဝေကာ ဘေးကို လှည့်မိတော့ ပါးစပ်လေးကို ယောင်ယောင်ဟကာ အိပ်မောကျနေသေးသော သီထွဋ် ။
ကြည်လင်နေသော မျက်ဆံအိမ်နက်နက်လေးကို ဖုံးအုပ်ထားသော မျက်ခွံများအနက် ဘယ်ဘက်မျက်ခွံလေး၌ အနီရောင်မှည့်လေးတစ်လုံးက နေရာယူလျက်ရှိသည် ။ အကြောင်းပြချက် ရေရေရာရာမရှိပဲ ထိုကောင်လေး၏ မျက်နှာတော်လှလှကို အတော်ကြာရှုစားမိပြီးနောက်တွင် ခန္ဓာကိုယ်က ပူလာသလိုပင် ၊ အသိစိတ်၏ စေ့ဆော်ချက်အရ စံမင်း မျက်လုံးပြူးရတော့သည် ။" မဖြစ်နိုင်တာ " တီးတိုးရေရွတ်ပြီးနောက် စံမင်းတစ်ယောက် အောက်ထပ်ဆင်းပြေးကာ အိမ်သာဆီအမြန်လှမ်းရတော့သည် ။
သုတမှာ သုတ်သုတ်ဖြင့် မပြေးရုံတမယ်သွားနေသော အစ်ကိုဖြစ်သူကိုကြည့်ကာ မျက်ခုံးကြုံလိုက်သည် ။
ဘာလဲ ..လူပျိုဖော်ဝင်တာကျလို့ ရုပ်ကလည်း
စိတ်ထဲတွင် မှတ်ချက်ပေးကာ ခင်လေးဆီ သွားရန် ပြင်ဆင်စရာရှိတာပြင်နေလိုက်သည် ။ ကွမ်းတောင်ကိုင်မလေးသည် အခုအချိန်ဆိုရင်ဖြင့် အလှဆုံးပြင်ဆင်ပြီး၍ အလှူအိမ်သို့ရောက်နှင့် ပေတော့မည် ။
အနှီမြို့ကြီးသားကတော့ ယခုချိန်ထိ နိုးသေးသည့်ပုံမပေါ်သော်လည်း သူ၏အစ်မဖြစ်သူကတော့ နိုးပြီး၍ စုပုံချစ်တို့ အမဲ့တို့နှင့် ပါသွားချေပြီ ။
သုတသည်လည်း ရှင်လောင်းထမ်းကာ လှည်းပေါ်တင်ပေးရဦးမည်ဖြစ်၍
သူတို့နှစ်ဦးကို စောင့်မနေနိုင်တော့ အလှူအိမ်သို့သွားနှင့်ရတော့သည် ။
မသွားခင် အစ်ကိုဖြစ်သူကိုလည်း လှမ်းအော်ကာ သတိပေးခဲ့ရသေးသည် ။" ကိုကိုရေ မြန်မြန်လုပ်နော် ၊ နောက်ကျမယ် "
" ဘာလဲ ခေါင်းမင်းတို့က မပြင်ရသေးဘူးလား "
" အေး ဟိုတစ်ယောက်လည်း မနိုးသေးဘူး နှိုးလိုက်ဦး ငါသွားနှင့်မယ် "