2

1.2K 153 7
                                    

Unicode

ကျွန်တော် ချန်ဖေးယွီကိုစာသင်ပေးဖြစ်တာ အခုနဲ့ဆို လေးလလောက်ရှိပြီ။ ကျွန်တော့်ကို ချန်ဖေးယွီနဲ့ ဆက်သွယ်ပေးတဲ့ သူငယ်ချင်း ကတော့ ပြောရှာပါတယ် ကျွန်တော်က အခွင့်ထူးခံလူတန်းစားတဲ့။ ဘာလို့ဆို ချန်ဖေးယွီက ဂျစ်ကန်ကန်ကလေးတစ်ယောက်မို့ ဘယ်ဆရာမှ တစ်လမပြောနဲ့ တစ်ပတ်ကြာအောင်‌တောင်မခံ။ ကျွန်တော် တစ်ပတ်လောက်စာသင်ပေးပြီးတော့ ချန်ဖေးယွီကိုယ်တိုင်က သူ့ကို စာဆက်သင်ပေးဖို့ တောင်းဆိုတယ်ဆိုရင်ကိုက အရမ်းကိုထူးဆန်းနေပြီတဲ့။

ဒီသုံးပတ်အတွင်း ချန်ဖေးယွီနဲ့ တစ်ချက်မှ အဆက်အသွယ်မလုပ်ဖြစ်။ ကျွန်တော် Final part 2စာမေးပွဲရှိတာကြောင့် သူ့ကိုလုံးဝ ပစ်ထားမိတာလို့ပြောရင် ပိုမှန်မယ်။ လွန်ခဲ့တဲ့ သုံးပတ်ကတည်းကလည်း သူ့ကိုပြောထားပါတယ် စာမေးပွဲကြောင့် အစ်ကို မလာနိုင်လောက်ဘူးလို့။ သူကတော့ စာသင်လို့အရှိန်ရနေတော့မှ စာသင်ပျက်ရတာကို သဘောမကျ။
လေးလနီးပါးလောက် လက်ပွန်းတတီး စာသင်ပေးခဲ့ရတဲ့ ကလေးမို့ ကျွန်တော်လည်း ဖြစ်နိုင်ရင် တတ်နိုင်သ‌လောက်လေး စာသွားသင်ပေးချင်ပါရဲ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ စာမေးပွဲကလည်း အရေးကြီးတယ်မလား။ ဆိုတော့ ဒီနေ့က စာမေးပွဲပြီးပြီမို့ ဆေးရုံအဆောက်အဦးထဲကနေထွက်လာတော့ ကိုယ်တော်ချောကိုမြင်လိုက်ရလို့ အံ့ဩသွားမိတာ တကယ် ဘုရားစူးပါ။

"‌အယ် ဖေးယွီ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ?"

"ခင်ဗျား ပြေးထွက်သွားမှာစိုး ကိုယ်တိုင်လာဖမ်းတာ"

"ဟင်? ငါ ဘယ်တုန်းကပြေးဖူးလို့တုန်း? စာမေးပွဲကြောင့် ခွင့်ယူမယ်လို့ပဲပြောတာလေ?"

"အင်း ဟုတ်တယ်လေ။ ကျွန်တော်လည်း နောက်နှစ်ပတ်ဆို စာမေးပွဲဖြေရတော့မှာ။ ခင်ဗျားမရှိလို့မဖြစ်ဘူးလေဗျာ။ ကျွန်တော် စာမေးပွဲမဖြေနိုင်ပဲဖြစ်မှာပေါ့။ အဲ့ဒါကြောင့် အခုပဲ ကျွန်တော်နဲ့လိုက်ခဲ့တော့ဗျာ။ နော်?"

ချန်ဖေးယွီက မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ပြီး ပြောလာတာမို့ ကျွန်တော်လည်း ရှက်လို့ သူများတွေကြည့်မှာစိုးတာနဲ့ မြန်မြန်ခေါင်းငြိမ့်ပြီး ကားထဲဝင်လိုက်ရတယ်။ ဘယ်လိုအနေအထားကြီးလဲကွာ။ ငါ့နှယ့် သမီးရည်းစားတွေ ‌ကောင်မလေးက စာမေးပွဲပြီးလို့ ကောင်လေးက လာကြိုသလိုခံစားချက်ကြီး။ အဆင်ပြေမနေဘူးနော်။

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now