Zawgyi
အပိုင်း - ၁: အနမ်းသူခိုး
"ဟေ့ကောင်... လင်းရဝေ! မြန်မြန်လုပ် မင့်အဘပဲ နောက်ကျတော့မယ်ဟ!"
ပွစိပွစိအော်ရင်း ရှေ့မှသုတ်ခြေတင်ပြေးသော ကျော်ဇော နောက်မှ လင်းရဝေ အပြေးလိုက်၏။ သူ့အမည်က လင်းရဝေ... ပုဂ္ဂလိကတစ်ခုမှ တတိယနှစ် ကွန်ပျူတာသိပ္ပံမေဂျာမှ ကျောင်းသားတစ်ဦး။ ထို့အပြင် ကျောင်းတွင် ယခုနှစ်ကျောင်းသားသမဂ္ဂ၏ ကျောင်းသားခေါင်းဆောင်။ ထိုသို့သောကျောင်းသားခေါင်းဆောင်ဟူသည့် အမည်နှင့် မလိုက်ဖက်သည့် အားနည်းချက်ကြီးကြီးမားမားတစ်ခု သူ့တွင် ရှိသည်။
ထိုအားနည်းချက်သည်ကား သူသည် မနက်စောစော ဘယ်တော့မှ မထနိုင်သောသူတစ်ယောက်။
လင်းရဝေကသာ မနက်စောစောဘယ်တော့မှမနိုးနိုင်ဘဲ ကျောင်းစောစောမရောက်သည့် ကိစ္စကိုအားနည်းချက်ဟုသတ်မှတ်တာ သူ့တစ်ဖွဲ့လုံးက သူ့ကိုထိုအရာကိုအားနည်းချက်ဟူ၍မသတ်မှတ်။ သူတို့သတ်မှတ်သည်က...
ကျောင်းသားခေါင်းဆောင်လင်းရဝေသည် အရပ်ပုသည်၊ တုံးသည်၊ အရိပ်အကဲမကြည့်တတ်၊ ထို့အပြင် သူသည် Nerd ဟုခေါ်သည့် အင်တာနက်တွင်အချိန်ကုန်ကာ အွန်လိုင်းကို ဘဝမှတ်နေသည့် ကောင်လေးတစ်ဦး။
လင်းရဝေကတော့ ထိုအရာတို့ကို သူ့အားနည်းချက်ဟုမသတ်မှတ်ပေ။
ဘာဖြစ်လဲ သူ့ဘာသာ ဂျပန်ကာတွန်းဇာတ်ကောင်တွေနဲ့အနောက်တိုင်းရုပ်ပြဝတ္ထုတွေကို သဘောကျတာ။ သူ ကြိုက်ချင်ရာကိုကြိုက်မှာပေါ့ ဒါကိုအားနည်းချက်လို့တော့ သူ လုံးဝ(လုံးဝ) မထင်ပါဘူး။ အမ်း အရပ်ပုတာက အားနည်းချက်လို့ပြောရင်တော့ လက်တော့လက်ခံရလိမ့်မည်။ ဘာကြောင့်ဆို အရပ်ပြဿနာကြောင့် သူ့ထက်အရပ်ရှည်သည့် ခပ်ဆိုးဆိုး ဂျူနီယာများကို သူ ကောင်းကောင်းဆုံးမလို့မရဘူးလေ။
"ညဘက်ကျရင် ဒီ Comics တွေနဲ့ Super hero movie ပဲကြည့်နေသိလား!"
နံနက်ဆိုလင်းရဝေကိုနှိုးရသည့် ကျော်ဇောသည် ကားဖြင့် ကျောင်းကိုရောက်လာပြီးသည့်တိုင် လင်းရဝေ၏ မကောင်းသည့် အကျင့်များနှင့်ပတ်သက်ပြီး ဗျစ်တောက်ဗျစ်တောက်ပွားနေမှုက မပြီးနိုင်သေး။ ကျော်ဇောသည် လင်းရဝေ၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ကာ လင်းရဝေကို မိခင်ကြီး အဲ ဖခင်သဖွယ် ဂရုစိုက်သည့်သူ။
YOU ARE READING
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.