RAAS Ch-9

574 147 6
                                    

Unicode

ထိုစကားလုံးအနည်းငယ်မျှဖြင့် ချင်မော့ကရှစ်ချင်းကို တစ်ခဏလောက် ကြောင်တောင်တောင်ဖြစ်သွားစေပြီး အတွေးတွေထဲကို နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားစေခဲ့သည်။

တာဝန်ရပ်တစ်ခုလုံးကို ပြန်စဉ်းစားကြည့်လိုက်သည့်အခါ ချင်မော့က တကယ်ကိုပဲ ဘာမှသိပ်မလုပ်ခဲ့ရပေ။ သူအံ့အားသင့်ဖွယ်ကောင်းသည့် ဆေးတစ်လုံးကိုဖော်စပ်ခဲ့ပြီး ကိုယ်လုပ်တော်လီကို ဆေးလုံးအကြောင်း တစ်စုံတစ်ယောက်ကနေတဆင့် သိစေခဲ့သည်။ ပြီးနောက် သူမ၏ငယ်ရွယ်နုပျိုမှုများကို ပြန်လည်ရယူလိုသည့် သူမ၏လိုအင်ဆန္ဒကို လှုပ်နိုးပေးခဲ့သည်။ ထို့နောက်တွင်တော့ ထိုသူတို့အတွက် ချခင်းပေးထားသောကစားကွက်အတွင်းသို့ တစ်လှမ်းချင်းတစ်လှမ်းချင်း လမ်းညွှန်ပေးခဲ့သည်။

အကယ်၍ ဧကရာဇ်အိုကြီးသာ အသက်ရှည်ရှည်နေရသည့်အပေါ် လောဘမတက်ခဲ့ဘူးဆိုလျှင်၊ အာဏာနှင့်လွှမ်းမိုးလိုမှုကို တမ်းတမ်းစွဲမနေခဲ့ဘူးဆိုလျှင်၊ ဤကဲ့သို့ရိုးရှင်းသည့် နည်းပရိယာယ်လေးထဲတွင် ကျဆုံးသွားမှာမဟုတ်သည့်အပြင် ဘယ်နေရာကလာမှန်းမသိသည့်ဆေးလုံးကို လုံးဝစားမည်မဟုတ်မှာသေချာသည်။

သူ့နေရာပျောက်မည်ကိုသာ အရမ်းစိုးရိမ်မနေခဲ့လျှင် ဒုတိယမင်းသားရုန်ရှန်းမှာ ထိုအချိန်က နန်းဆောင်တွင်းသို့ ဝင်လာရန်အလားအလာမရှိချေ။ သူသာနန်းဆောင်အပြင်ဘက်တွင်သာ နေနေခဲ့လျှင် သူ့အားအဆုံးစွန်ထိ ကျဆုံးသွားစေမည်ကို သက်သေပြပေးနိုင်သည့် ကျော့ကွင်းကို ရှောင်ရှားနိုင်ပေလိမ့်မည်။

နောက်ဆုံးသုံးသပ်ချက်အရ သူတို့ကိုယ်တိုင်ရွှေ့လှမ်းသည့်ခြေလှမ်းများဖြင့် သေဆုံးခြင်းချောက်နက်ထဲသို့ ထိုးကျသွားစေခဲ့ခြင်းက ထိုယောကျာ်းနှစ်ယောက်၏ လက်တွေ့ကျသည့် လိုအင်ဆန္ဒများကြောင့်သာဖြစ်သည်။

ဒါပေါ့၊ ချင်မော့ရဲ့အထောက်အပံ့ သေးသေးလေးတွေမပါဘဲနဲ့တော့ အဲဒီလိုဖြစ်သွားနိုင်မှာ မဟုတ်ဘူးပေါ့။

သူတို့၏အတွေ့အကြုံကို ပြန်စဉ်းစားနေပေမယ့်လည်း ရှစ်ချင်း၏နှလုံးသားထဲတွင်တော့ ကြောက်လန့်နေမိသည်။ ပထမ သူ၏မွေးစားဖခင်၊ ပြီးနောက် သူ၏ဖခင်အရင်းတို့ထံမှ အသုံးချခံခဲ့ရသည့်၊ နှိပ်စက်ညှင်းပန်းခံခဲ့ရသည့် အတွေ့အကြုံများကြောင့်သာ ချင်မော့မှာ စိတ္တဇတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ခြင်းဖြစ်ကြောင်း သူသိထားနှင့်ပြီးဖြစ်သည်။ သူမမျှော်လင့်ထားသည်က လူ့နှလုံးသား၏ရှုပ်ထွေးမှုများအပေါ် ထိုသူ၏စူးရှသည့် နားလည်သဘောပေါက်မှုကိုပင်။ ထိုသူက လူသားသဘာဝ၏ အားနည်းချက်များကိုရင်းနှီးနေပြီး ထိုအသိဉာဏ်ပညာကို အလွန်ကောင်းမွန်စွာ အသုံးချခဲ့သည်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ