RAAS Ch-8

566 145 2
                                    

Unicode

ဒုတိယမင်းသားရုန်ရှန်းသည် မနက်စောစောစီးစီး ကျောက်စိမ်းပြာနန်းဆောင်တွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။ နန်းဆောင်အနားသို့ ရောက်သွားသည့်အခါတွင်တော့ အနံ့အသက်က သူ့နှာခေါင်းတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒယီးဒယိုင်ဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲကျမလိုပင်ဖြစ်သွားခဲ့ရသည်။

ဧကရာဇ်ရွှမ်ချန်းတွင် မယုံကြည်နိုင်လောက်အောင် အနံခံကောင်းသည့်နှာခေါင်းရှိမှန်း သူသိသည်။ အနံ့ဖျော့ဖျော့ကလေးကိုပင် သိရှိခံစားနိုင်သည်။ မဟုတ်လျှင် ကိုယ်လုပ်တော်လီအနေဖြင့် အမွှေးနံ့သာများကို နေ့စဉ်မီးရှို့ပစ်ရန်အတွက်မျှနှင့် မြောက်မြားလှသည့်ငွေပမာဏကို အသုံးပြုနေရလိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် ကိုယ်လုပ်တော်လီ၏ခန္ဓာမှ ဤကဲ့သို့ အလွန်ဆိုးရွားပုပ်ဟောင်လှသည့်ကိုယ်နံ့ကို အမှန်တကယ်ထုတ်လွှတ်နေလေသည်။ အဓိကအချက်မှာ သူမကဧကရာဇ်ကို မူးမေ့လဲသွားစေခဲ့ခြင်းဖြစ်သည်။ ကံဆိုးမိုးမှောင်ကျခြင်းပင်ဖြစ်၏။ ယခုအချိန်တွင် အခြေအနေများက သိပ်မရှင်းလင်းသေးပေ။ မိဖုရားခေါင်ကြီးမှာ ဧကရာဇ်တံဆိပ်တော်အား သူမလက်ထဲတွင် ကိုင်ဆောင်ထားဆဲဖြစ်ပြီး အိမ်ရှေ့စံမှာလည်း နာမည်ဂုဏ်သတင်း လျော့ပါးသွားမည့် အရိပ်အယောင်မရှိချေ။ အကယ်၍များ ကိုယ်လုပ်တော်လီသာ အရေးပေးခံရမှု လျော့ပါးသွားခဲ့ပါလျှင် သူရော နောက်ထပ်အကျိုးကျေးဇူးတွေ ထပ်ရနိုင်ပါဦးတော့မလား?

ထိုအကြောက်တရားများ၊ စိုးရိမ်ပူပန်မှုများက သူ့အပေါ် လေးပင်စွာဖိချထားခဲ့သည့်အတွက်ကြောင့် သတင်းများကိုကြားပြီးပြီးချင်း မနက်စောစောမှာပင် ရုန်ရှန်းက ကျောက်စိမ်းပြာနန်းဆောင်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူမြင်တွေ့ချင်သော်လည်း သူ့ခမည်းတော်မင်းကြီးပါ ထိုနေရာတွင်ရှိနေလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။

ဒီကြောက်စရာကောင်းလှသည့် အရှုပ်အထွေးကြီးက ကောင်းမွန်သည့်အရာအဖြစ် အလှည့်အပြောင်း ဖြစ်သွားနိုင်ပါဦးမလား? စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခုက သူ့နှလုံးသားထဲတွင် စတင်ပေါက်ဖွားလာခဲ့သည်။ ရုန်ရှန်းက နန်းဆောင်အတွင်းသို့ အလျင်အမြန်လျှောက်ဝင်သွားလိုက်သည်။ နန်းဆောင်အတွင်းသို့ ခြေချလိုက်တော့မည့်အချိန်တွင်ပဲ သူတစ်ခါမှမကြုံခဲ့ဖူးသည့် ဆိုးရွားလှသည့်အနံ့ဆိုးကြီး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရတော့သည်။ သူမူးဝေသွားခဲ့ပြီး ဂါဝရပြုမနှုတ်ဆက်နိုင်ခင်မှာပဲ.. မေ့လဲသွားလေသည်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora