အခန်း ၁၂ (Z+U)

1.2K 311 29
                                    

Unicode

"အဘ ကျွန်တော် ဘယ်တော့မှ ကျောင်းပြန်တက်လို့ရမှာလဲ?"

လက်ထဲက ဂျာနယ်ကို စိတ်မပါလက်မပါအခေါက်ခေါက်လှန်နေရင်း အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ကွမ်းသီးစိတ်နေတဲ့ အဘဘေးနားဝင်ထိုင်ကာ မေးလိုက်သည်။ စိတ်ဝင်စားစရာမကောင်းတဲ့ စာမျက်နှာတွေတိုင်းမှာ ဂျပန်တပ်မတော်၏ မြန်မာပြည်ကို ဖွံ့ဖြိုးရေးလမ်းစဉ်ပေါ် ရောက်အောင် ကူညီပေးနေသည်ဆိုသည့် သတင်းတွေသာ မမြင်ချင်မှအဆုံး။ သခင်ကြီးတွေလက်အောက်က ကယ်တင်ပေးတဲ့ မာစတာကြီးတွေက အခုတော့တပြန်တောင် ဆိုးနေသေးပုံပင်။

"အင်း သိပ်တော့မလိုလောက်တော့ပါဘူး။ မင့်အကိုကြီးပြောတဲ့ပုံအရ တခြားတိုင်းပြည်တွေမှာလဲ ဂျပန်တပ်တွေအထိနာနေလေပြီတဲ့"

"သြော်......."

အာမေဋိတ်သံတိုးတိုးပေးကာ ခပ်တွေတွေမျက်နှာနှင့် တစ်ဖက်လှည့်သွားတဲ့ သားငယ်မျက်နှာကို အကဲခတ်ရင်း ညှပ်ပြီးသော ကွမ်းသီးစိတ်ကို အသင့်ယာပြီးသား ကွမ်းယာထဲ ထည့်ကာ ဝါးလိုက်သည်။ တစ်အိမ်တည်းနေသည့် သားအဖချင်းပေမဲ့ ဒီကလေးအရွယ်ရောက်လာပြီးနောက်ပိုင်း တစ်ခါမျှ စကားလက်ဆုံမကျဖြစ်သေး။

"ဒီရက်ထဲ တစ်ခုခုဖြစ်သေးလား?"

အနည်းငယ် မှုန်မှိုင်းချင်နေသည့် သားတော်မောင်ရဲ့ ဘေးစောင်းမျက်နှာကို စေ့စေ့ကြည့်ကာ သိလိုသည်ကိုသာ တည့်မေးလိုက်သည်။ မူလဇစ်မြစ်က တောသူတောင်သားတွေသာဖြစ်သည်မို့ ဦးလှသောင်းက မြို့ကြီးသားတွေလို စကားလှလှတွေလည်းမဆိုတတ်ပေ။

"ဗျာ.."

အံ့သြသွွားဟန်နှင့်လှည့်ကြည့်လာတဲ့ သားဖြစ်သူက တကယ့်ကို သူ့အမေထံက အမွေရထားတဲ့ ဝိုင်းစက်နေသော မျက်လုံးရွဲကြီးတွေနှင့်။ ယောကျာ်းလေးတစ်ယောက်တန်မဲ့ ဖြူနုနေသော ဒီသားငယ်ရဲ့သွင်ပြင်ကို ရှေးလူကြီးတွေအဖို့ သိပ်သဘောမတွေ့သော်လဲ ကံကြမ္မာအလိုကျပေပဲ။ ဘာတတ်နိုင်မှာတဲ့လဲ။

အဘမျက်နှာအခြေအနေကို သေချာအကဲခတ်လိုက်ပြီးမှ ဖိုးလုံးပျက်ယွင်းသွားသော မျက်နှာကို အမြန်ပြင်ကာ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးနောက် ထရပ်လိုက်သည်။ အဘက ခေသူမဟုတ်။ ဆက်နေလျှင် သူ့မျက်နှာပေါ်ကစိတ်ခံစားချက်တွေကို အဘက ရိပ်မိချေတော့မည်။ အတန်းပညာကို သူတို့လိုကောင်းမွန်စွာ မသင်ခဲ့ရသော်လဲ ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့သည့် အဘက လူကဲခတ်သိပ်တော်လွန်းလှ၏။

ဆာယိုနာရာ ( Sayonara)Where stories live. Discover now