အခန်း ၉ ( Z+U )

1.3K 365 25
                                    

Unicode

နေ့တာတိုသည့် ဆောင်းလယ်ကာလ၏ မနက်ခင်းသည် အလင်းမရှိပါဘဲ အုပ်ဆိုင်းနေသော မြူတွေဖြင့်သာ ပြည့်လို့နေသည်။ အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံတွင် နှင်းအပွင့်လိုက်မကျပါ။ သို့သော် နှင်းရည်ဆွတ်ဖျံ့ထားသည့် ပန်းခင်းတွေနှင့် အစိမ်းရောင် သစ်ပင်ကြီးတွေနှင့် ဆောင်းတွင်းချိန်ခါကို ဖိုးလုံး သိပ်သဘောကျသည်။

"အမေရေ ကျွန်တော်ရွာဦးကျောင်းသွားပြီနော်"

ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံကိုကြားလိုက်ပြီးနောက် အသင့်ပြင်ပြီးသား ငွေချိုင့်ကိုဆွဲကာ ဖိုးလုံးတက်ကြွစွာထရပ်လိုက်သည်။

"ဟဲ့ ဟဲ့ နေပါဦး။ အပြန်ကျ အရီးပုတို့ဆိုင်က ကြံသကာလေးပါဝယ်လာခဲ့ပေးဖို့မမေ့နဲ့နော်"

ဒေါ်စိန်ပွင့် ဘုရားဆွမ်းတော်ကပ်နေရာက စိတ်မဖြောင့်နိုင်ဘဲ လူးလဲထကာအမှာပါးချိန်မှာ သူမသားထွေးကဖြင့် ခြံဝပင်ရောက်နေလေပြီး ဟုတ်ကဲ့ဆိုသည့်ပြန်စကားက လေအဝှေ့မှာ သူ့မနားထဲ ခပ်တိုးတိုးသာပြန်လည်ရောက်ရှိလို့လာကာ လူကိုဖြင့် ခဏလေးအတွင်းမမြင်ရတော့။
ဟင်း ဒီကောင်လေးနှယ်။ ဒီနေ့မှ ထူးပြီး ဘာတွေများဖြစ်လို့ တက်ကြွနေပါလိမ့်?

"အမေကြီး သားငယ်ရော"

အခုမှအိပ်ရာနိုးလာပုံရတဲ့ ခင်ပွန်းဖြစ်သူက သူမဘေးနားလာရပ်ကာ ဆေးပေါ့လိပ်ကိုမီးညှိကာ တစ်ချက်ဖွာလိုက်တယ်။ မောင်ဘုန်းကဲ့သို့ ထွားကျိုင်းကာ မြန်မာပီသသော ဥပဓိရုပ်ရှိတဲ့ ဦးလှသောင်းက အသက်ရလာသည့်တိုင် ခန့်ညားနေဆဲ။ ခေတ်ပျက်ကြီးထဲမှာ လယ်ယာအလုပ်ကို ကိုယ်တိုင်ပြန်လည်ဦးစီးနေရပေမဲ့ မြို့မျက်နှာဖုံးဖြစ်ခဲ့ဖူးတဲ့ အရှိန်အဝါကတော့ ပျောက်ကွယ်မသွားသေးပေ။

"ဒီနေ့ရှင့်မွေးနေ့ဆိုတော့ ရွာဦးကျောင်းမှာ အာရုံဆွမ်းကပ်ဖို့ သွားလေရဲ့"

"ဟေ။ ဒီနေ့ ကျုပ်မွေးနေ့လား"

အံ့သြတကြီးမေးလာတဲ့ ခင်ပွန်းဖြစ်သူက အတန်ကြာမှ သတိရသွားပုံနှင့် ကျေးဇူးတင်စကားအခေါက်ခေါက်ဆိုလာတော့ ပုခုံးပေါ်မှ ဝတ်ပြုစဉ်တင်ထားသော ယောဂီတဘက်လေးကို လက်ဖြင့်ခေါက်ရင်း သူမ စိတ်ကုန်စွာခေါင်းခါယမ်းမိသည်။
သူတို့ စိတ်ဝင်စားသည့်အရာမဟုတ်ရင် မေ့တတ်တဲ့ သားအဖတွေက တချိုးတည်းပင်။ ဟင်း  သူမသာမရှိရင် ဒီသားအဖတွေတော့ ခက်ရချည်ရဲ့။

ဆာယိုနာရာ ( Sayonara)Dove le storie prendono vita. Scoprilo ora