"တကယ် ဆောရီး နေသော်ရာ။ ညက နေသော်နဲ့ပြောပြီးမကြာဘူး မေမေဖုန်းဆက်တာနဲ့ ကိုယ် လေဆိပ်ဆင်းခဲ့ရတာ"
"အားနာစရာမဟုတ်တာ ကိုထွဋ်ကလည်း။ အခုရော ဘွား သက်သာလား ဘယ်လိုနေသေးလဲ"
"ခြေချောင်းရိုးတွေထိသွားတယ်။ ဘွားက နဂို နှလုံးရောဂါအခံလည်းရှိတော့ ချော်လဲတဲ့အချိန်မှာ လန့်ပြီး heart attack ပါသွားတာပေါ့။ အခုတော့ စိုးရိမ်စရာမရှိတော့ပါဘူး"
"ကိုထွဋ်လည်း နားတော့လေ။ ညတွင်းချင်း ရန်ကုန် မန္တလေးပြေးပြီးတော့။ မနက်ကျတော့လည်း ကျွန်တော့်ကို ဖုန်းဆက်နှိုးပေးထားရတာ အိပ်ငိုက်နေမှာပဲ။ ကျွန်တော်လည်း ဘုန်းကြီးကျောင်းထဲဝင်တော့မယ်"
"အစစအရာရာ ဂရုစိုက် နေသော်"
"ကိုထွဋ်ရောပဲ"
ရောင်နီမတက်သေးပေမယ့် အလှူအတွက် ဘုန်းကြီးကျောင်းဝင်းတစ်ခုလုံးမီးလင်းချောင်းတွေနဲ့ ထိန်ထိန်ညီးလင်းနေသည်။ အလင်းအောက်မှာမြင်နေရတဲ့ သိပ်သည်းမြူမှုန်လွှာထုကြား ဇန်နဝါရီလရဲ့အအေးဓာတ်တို့ ခိုဝင်ကိန်းအောင်းနေ၏။ မာမီနဲ့ညီမလေးကို ပြင်ဆင်ချိန်ပေးခဲ့ပြီး ကျွန်တော် အရင်ထွက်လာခဲ့တာဖြစ်သည်။ ကားနောက်ခန်းထဲက အသီးတွေကို စားဖိုခန်းဘက်ကအကူတွေ ဝိုင်းသယ်ကြ၏။ အိမ်မှာတည်းက ရေစိမ်ပြီး သန့်စင်လာတဲ့ ဂန္ဓမာဖြူတွေကိုတော့ ကျွန်တော်ပဲ ပွေ့ယူလိုက်သည်။ အလှူအတွက်သီးသန့်ထားရှိတဲ့ ဆွမ်းစားဆောင်ရဲ့ လှေကားထစ်တွေက ပြောင်လက်သန့်စင်နေသည်။ ခြေသုတ်အခင်းပြားထိ ဂရုတစိုက်လဲလှယ်ထားတဲ့ပေါ်ကို ကျွန်တော် ခြေချလိုက်သည်။
ရွှေရောင်တဝင်းဝင်းနဲ့ဘုရားကျောင်းဆောင်ရှေ့ ရပ်နေတဲ့လူတစ်ယောက်ကြောင့် ကျွန်တော့်ခြေလှမ်းအချက တိကနဲရပ်သည်။ လည်ကတုံးအင်္ကျီအဖြူလက်ရှည်၊ ယောပုဆိုးအနက်ကွက်စိပ်နဲ့ ဘုရားကျောင်းဆောင်ရှေ့မှာ ဖယောင်းတိုင်ထွန်းညှိနေတာဖြစ်သည်။ တစ်တောင်လောက်ရှည်သည့်ကြေးပန်းအိုးထဲမှာတော့ ဂန္ဓာဖြူဖြူတွေက ရေစက်ရေမွှားလေးတွေ ခိုတွဲလျက်ရှိနေသည်။ မှန်ရောင်ထနေတဲ့ ကျွန်းပါကေးခင်းပေါ် ခြေလှမ်းဖွဖွနင်းရင်း အနားတိုးသွားမိ၏။ အရုဏ်ဆွမ်းအတွက်လည်း စားပွဲဝိုင်းအချို့ ခင်းထားပြီးဖြစ်သည်။