"မာမီ မသွားလို့ဘယ်ရမလဲ။ နေရာစိမ်း လူစိမ်းတွေနဲ့ ညီမလေး ဘယ်လောက်တောင်ကြောက်နေမလဲ မာမီ"
"သူတောင် မိသားစုမျက်နှာမထောက်လို့ ထွက်သွားတာလေ။ မိသားစုကိုသာစဥ်းစားပေးခဲ့ရင် ဒီလိုအလုပ်မျိုးလုပ်ပါ့မလား။ သတ္တိတွေသိပ်ရှိနေတာ။ မာမီ ဘယ်တော့မှ လိုက်မခေါ်ဘူး သား"
"ဖြစ်တာတွေဖြစ်ပြီးနေပြီ။ သားတို့ဘက်က ပစ်ချလိုက်ရင် ညီမလေးကိုဘယ်လောက်တောင် အထင်သေးကြမလဲဟင်။ မိသားစုကတောင်ပစ်ပယ်တယ်ဆိုပြီး ဘယ်သူကတန်ဖိုးထားပေးမှာလဲ။ ပြီးတော့ အခုဆို ညီမလေးမှာ..."
မပေါ့မပါးဆိုတဲ့စကားကို ကျွန်တော့်နှုတ်က ပေါ့ပေါ့ပါးပါးမပြောနိုင်။ ညီမလေးကိုယ်ထဲ ဖြစ်တည်နေတဲ့နောက်ထပ်သွေးသားတစ်ခု။ ရှင်သန်ကြီးထွားလာနေတဲ့အသက်ဓါတ်နောက်ထပ်တစ်ခု။ နှုတ်ခမ်းသားတွေကိုဖိကြိတ်ရင်း နင့်နင့်သဲသဲ ရေရွတ်နိုင်တာတစ်ခုတည်း...။
"ညီမလေး အားငယ်နေလိမ့်မယ် မာမီရဲ့"
"ထပ်မပြောနဲ့တော့ ရပ်ဝန်းနေသော်! မာမီဘာမှမကြားချင်တော့ဘူး။ မင်းလည်း လိုက်သွားစရာမလိုဘူး။ ဒီလောက် လွယ်ကူရဲခဲ့တာ အပြင်လောကအကြောင်းသိပါစေ။ မာမီ့မှာ သားသမီးဆိုလို့ ရပ်ဝန်းနေသော်တစ်ယောက်ပဲရှိတော့တယ်"
မာမီ့အသံက မာမီ့မျက်နှာအမူအရာလိုတိကျပြတ်သားလွန်းနေခဲ့သည်။ အခန်းထဲလျှောက်သွားတဲ့ခြေလှမ်းတွေမှအစ မယိမ်းမယိုင် တည့်တည့်မတ်မတ်။ ဒီတစ်ညတော့ အိမ်မပြန်ဖြစ်တော့မယ့် ဒေါ်ဒေါ်မေသက်ဆီက သနားဂရုဏာတွေကို ကျွန်တော်လက်ခံနေရသည်။ အခုချိန်သနားနေရမှာ ကျွန်တော့်ကိုမဟုတ်ဘဲ ညီမလေးကို။ အမှားကြောင့်လိုက်သွားခဲ့ရတာဆိုရင် ဘယ်လောက်တောင်စိတ်ဆင်းရဲနေလိုက်မလဲ။ မာမီမလိုက်လည်း ကျွန်တော်တစ်ယောက်တည်း သွားနိုင်သည်။ ဆုံးဖြတ်ချက်တွေချပြီးတာနဲ့ အခန်းထဲပြေးဝင်ပြီး ကျောပိုးအိတ်ထဲအဝတ်အစားနဲ့အသုံးအဆောင်အချို့ကောက်ထည့်လိုက်၏။ မာမီနဲ့အချေအတင်တွေပြောအပြီး ညရှစ်နာရီ။ ဒီအချိန်အဝေးပြေးကွင်းကို သွားရင် နောက်အကျဆုံးကားရဲ့ လက်မှတ်တစ်စောင်လောက်တော့ရနိုင်ကောင်း၏။