ဆောင်းရာသီရဲ့အအေးလွှာထု ကမ္ဘာမြေပေါ်မှ အကုန်အစင်ထွက်ပြေးပျောက်ကွယ်ခဲ့ပြီး မတ်လရဲ့နွေအပူရှိန်တို့နှင့် ပြည့်စုံစွာအစားထိုးခဲ့၏။ အရွက်ဖားဖားဝေသည့် စိမ်းမြမြသစ်ရွက်တို့နေရာမှာ ရော်ရွက်ဝါကြွေတို့ မြေပြင်တစ်လျှောက်အလုအယက်ပြေးဆင်းနေရာယူကြသည်။ ရိုးတံကျဲစိန်ပန်းပင်ဖျားထက်တွင်တော့ အနီရောင်သွေးသည့် စိန်ပန်းပွင့်တို့ ကြည်ပြာရောင်ကောင်းကင်ယံကို အလှခြယ်နေကြသည်။ ဆေးတက္ကသိုလ်(၁) ရဲ့ နယ်နိမိတ်ကိုဝိုင်းရံထားတဲ့ ပျဉ်းမပင်စိမ်းစိုတို့မှာ ခရမ်းရောင်အဖူးအငုံတို့က ဝေဝေဆာဆာ။ အပြာရောင်ကောင်းကင်ပြင်က လိမ္မော်သီးခွံတစ်ခုနဲ့ဖုံးအုပ်ခံလိုက်ရသလို နှုတ်ဆက်ညနေခင်းရဲ့ နေရောင်ခြည်က လိမ္မော်ရောင်ရင့်ရင့်သို့ တစ်စထက်တစ်စပြောင်းလဲလာ၏။ နောက်ကြည့်မှန်ကတဆင့် မကြာခဏဆုံစည်းလာတတ်တဲ့ မျက်ဝန်းနက်တစ်စုံကို အားနာလွန်းစွာနဲ့ပဲ သဘာဝတရားထဲ ကျွန်တော့်စိတ်ကိုစက္ကူလေယာဉ်ပျံလိုခေါက်ပြီး ပစ်လွှတ်ထားရတော့သည်။
ဂမုန်းပွင့် shopping mall ထဲဝင်တော့ ညနေရုပ်ရှင်ချိန်ကို မှီသည်ဆိုရုံလေး။ ညီမလေးတို့ရေကြောင်းတက္ကသိုလ်ထက် ကျွန်တော်တို့ Dental က စာမေးပွဲအရင်ဖြေရတာမို့ ဒီနေ့မှစာမေးပွဲဖြေပြီးတဲ့ ညီမလေးတို့က သူတို့ကျောင်းယူနီဖောင်းနဲ့ပဲဖြစ်သည်။ ပထမနှစ်ဝက်ပဲရှိသေးပေမယ့် ညီမလေးက ကျွန်တော့်ထက် သူငယ်ချင်းအပေါင်းအသင်းများ၏။ ရုပ်ရှင်ကြည့်ဖို့ပါလာတဲ့ မိန်းကလေးသူငယ်ချင်းငါးယောက်အပြင်ကို Cinema hall ရှေ့မှာစောင့်နှင့်နေတဲ့ ဇော်ထက်တို့ကောင်လေးအဖွဲ့ပါရှိသည်။ ဇော်ထက်က ညီမလေးတို့အုပ်စုနောက်ကပါလာတဲ့ ကျွန်တော့်ကိုမြင်တာနဲ့ ပြေးလာနှုတ်ဆက်၏။ ဇော်ထက်ကတော့ ညီမလေးနဲ့အထက်တန်းအတူတူတက်ခဲ့သည့်အတိုင်း သွက်သွက်လက်လက်ပုံစံမပျောက်သည့်အပြင် ရေကူးသင်တန်းချိန်တွေကြောင့် နဂိုခပ်လတ်လတ်ရှိသည့်အသားရောင်က ညိုမှောင်သည့်ဘက်ကိုအလေးသာပိုချင်နေသည်။ ညီမလေးရဲ့ကျောင်းရော အပြင်သင်တန်းတွေထိပါ အကြိုအပို့လုပ်နေကျ ကျွန်တော့်ကို ဇော်ထက်တို့တစ်ဖွဲ့လုံးက သိထားပြီးဖြစ်သည်။