"ဖုန်းမကိုင်ဘူးလား"
"ဟုတ်။ အတန်းတက်နေပြီလို့ စာပို့တယ်"
"ဒါဆို အိမ်ပြန်မလား"
"မပြန်သေးဘူး။ ဆေးခန်းဘက်မှာသွားထိုင်နေလိုက်မယ်။ အစ်ကိုလည်းအတန်းတက်ရမှာမလား"
"ကိုယ့်အတန်းက ၁၀နာရီမှပါ။ အခု ကန်တင်းသွားမှာ။ ကိုယ်နဲ့လိုက်ခဲ့"
"လိုက်လို့ရလား"
"ဘာမရစရာရှိလဲ"
ကိုထွဋ်ကိုထည့်မတွက်ရင် စီနီယာတန်းနဲ့လည်း ဇာမဏိရင်းနှီးပြီးသားပင်။ တကယ်တမ်းတော့ ကိုထွဋ်ကိုလည်း ဖယ်ထားစရာမလို။ ဇာမဏိက ကျွန်တော့်စိတ်နဲ့ပိတ်ထားတဲ့လျှို့ဝှက်တံခါးကို ဖွင့်မိခဲ့သူ သပ်သပ်ဖြစ်ရုံ။ ဒါက ကျွန်တော့်နဲ့သာသက်ဆိုင်သည့်သီးခြားအခန်းငယ်။ ကန်တင်းထဲကို တွဲဝင်လာတဲ့ ကျွန်တော်နဲ့ဇာမဏိကို ဦးဆုံးမြင်တာက ဖြိုးလေး။
"ဟေ့ အညာသား!"
ဦးကြိုနှုတ်ဆက်တာက စီနီယာအတန်းခေါင်းဆောင်။ တအံ့အသြငေးကြည့်နေရာက သတိဝင်သွားပုံရတဲ့ရဲဘုန်းကပဲ ခုံတွေဆွဲပြီး နေရာထိုင်ခင်းပြင်ဆင်ပေးသည်။ ရဲဘုန်းဘေးလွတ်နေတဲ့ခုံကိုဝင်လိုက်တော့ ဇာမဏိက ကိုထွဋ်ဘေးရောက်သွား၏။ ကန်တင်းထဲဝင်လာသည်မှအစ ထိုင်ခုံမှာထိုင်လိုက်သည့်အဆုံးထိ ကိုထွဋ်ကြည့်နေတာတွေကို ကျွန်တော် အပြုံးရေးရေးနဲ့တုန့်ပြန်လိုက်၏။ ကိုထွဋ်မျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး ကျွန်တော်ပြုံးလိုက်တာကို လှည့်ကြည့်တာက ဇာမဏိ။
"ကိုအညာသားက ဘယ်ကဘယ်လိုပါလာတာလဲ"
"မြတ်သူနဲ့အဆောင်းဆီလိုက်လာတာ။ သူတို့က အတန်းတက်နေပြီဆိုလို့"
"လာလိုက်တာကောင်းတယ်။ ရောက်တုန်း အေးဆေးနေကွာ။ ဘာမှာမလဲ မှာကြလေ။ မစားခဲ့ရသေးဘူးမလား"
စီနီယာခေါင်းဆောင်က မီနူးကဒ်တွေဆွဲပြီး ဇာမဏိနေထိုင်ရမခက်အောင်ပြုမူနေ၏။
"ကျွန်တော်တို့ စားခဲ့သေးတယ်"
တစ်ဝိုင်းလုံးကအကြည့်တွေ ကျွန်တော့်ဆီရောက်လာ၏။ ဘယ်ချိန်တည်းက တွေ့နေကြလို့ နံနက်စာစားပြီးခဲ့တာလဲဆိုတာမျိုး ရဲဘုန်းအကြည့်တွေကို ကျွန်တော် မျက်စပစ်ပြလိုက်သည်။ ဇာမဏိတစ်ယောက် စကားတွေရှောင်တိမ်းပေးနေတာကို ကျွန်တော်သိသည်။ ခုချိန်ထိ စကားတစ်ခွန်းမှဝင်မပြောသေးတဲ့ ကိုထွဋ်ဘေးမှာ အနေကြပ်နေတာကိုလည်း ကျွန်တော်မြင်နေရသည်။ ကျန်တဲ့လူတွေ သတိထားမိမှာမဟုတ်ပေမယ့် ဒီလတွေအတွင်း ကျင့်သားရလာတဲ့ ဇာမဏိမျက်ဝန်းတွေကို ကျွန်တော်ဘာသာပြန်တတ်နေ၏။ အနေကျဥ်းကြပ်နေရတာတွေက ကျွန်တော်တစ်ယောက်နဲ့တင် လုံလောက်ပါပြီ။ ကျွန်တော့်အတွက်က ထူးပြီး အသက်ရှုကြပ်နေရတာမျိုးလို့ မထင်ရလောက်အောင် အသွေးအသားတွေထဲထိ ကျင့်သားရနေခဲ့ပြီးသား။ ကျွန်တော့်အတွက်ကြောင့်ဆို ဇာမဏိက ပိုတောင်မဖြစ်သင့်။