သင်္ကြန်အကြတ်နေ့
သင်္ကြန်အကျနေ့ စွေခဲ့တဲ့မိုးသားအကြွင်းအကျန်တွေအဖြစ် ဒီနေ့ရဲ့အပြာရောင်ကောင်းကင်မှာ တိမ်စိုင်ဖြူဖြူတို့က စံပယ်ပွင့်ဖြူဖြူတွေလို အဆုပ်လိုက်အထပ်လိုက် လှပနေကြသည်။ ရေစိုစိုတစ်ကိုယ်လုံးက နေရောင်ဖြန့်ကျက်ထားတဲ့အနွေးဓါတ်ကြောင့် သက်သောင့်သက်သာရှိ၏။ ရေကစားတဲ့မဏ္ဍပ်ဘက်မှာရှိနေတဲ့ ညီမလေးက လှည့်ကြည့်ပြုံးပြတာနဲ့ တိုက်ဆိုင်ပြီး ညီမလေးဘေးက ဆံနွယ်ရှည်ယဥ်တစ်ကိုယ်မယ်က ထိုင်နေတဲ့ကျွန်တော်တို့နားရောက်လာသည်။
"အစ်ကို ရေမကစားဘူးလား"
တီရှပ်ပေါ်ကမှ ရှပ်ထပ်ထားပေမယ့် သင်္ကြန်ရေနစ်ထားတဲ့အင်္ကျီကအသားမှာကပ်နေတာကြောင့် ဘေးမှာဝင်ထိုင်တဲ့လူကို ပြုံးပြရင်း ချွတ်ထားမိတဲ့အပေါ်ထပ်ကို ပုခုံးပေါ်လွှားတင်လိုက်ရသည်။
"ကိုယ်က ထိုင်ကြည့်ရတာပိုကြိုက်တယ်"
ကျွန်တော်တို့ အခုရောက်နေတာ ကမ္ဘာအေးဘုရားလမ်းက H2O မဏ္ဍပ်။ အကြတ်နေ့တစ်ရက်ကိုတော့ဖြင့် မဏ္ဍပ်ထိုင်မယ်ဆိုတဲ့ ညီမလေးတို့အစီစဥ်ထဲ ကျွန်တော်က အလိုက်သင့်လိမ့်နေလိုက်သည်။ သီးသန့် stage ဘက်မှာ ရေကစားနေတဲ့ညီမလေးက ကျွန်တော်တို့ထိုင်နေရာဘက်လှည့်အကြည့်မှာ ကျွန်တော်လက်လှမ်းပြလိုက်သည်။ ဒီညီမလေးက ဘယ်သူနဲ့တူလို့ ရေအဲ့လောက်ကြိုက်မှန်းမသိ။ RayBin နေကာမျက်မှန်အပြာဖျော့ဖျော့တပ်ထားတဲ့ ရေစိုအပြုံးတို့က နူးညံ့တောက်ပနေ၏။ ကျွန်တော့်မှာ မိန်းကလေးတွေကြား ကြာကြာနေဖို့မသင့်လျော်လို့သာ ဒီဘက်လာထိုင်ဖြစ်သည်။ ငါးရိုးကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ထားပြီး ရေစိုခံမိတ်ကပ်ပါးပါးနဲ့နွေနေ့လယ်ခင်းအောက် ထင်းခနဲဖြစ်နေတဲ့ညီမလေးကို အကြည့်တွေနဲ့စောင့်ရှောက်နေရ၏။ တိတ်ဆိတ်နေတဲ့ ကျွန်တော်နဲ့ ယဥ်တစ်ကိုယ်မယ်ကြားမှာ ရေမှုန်စတွေ လူးနေကြသည်။
"ဘာလဲ?"
မဏ္ဍပ်က service ပေးထားတဲ့ ကိုလာဘူးက စားပွဲထောင့်စွန်းကိုရွေ့သွားပြီး ကျွန်တော့်လက်ထဲရောက်လာတာက Pocari Sweat။