နေရောင်ခြည်၊ အဝါရောင်၊ အနွေးဓါတ်၊ နံနက်ခင်း...သဘာဝက ပုံမှန်အတိုင်း သူ့စက်ဝန်းနဲ့သူ နိုးထလာတာဖြစ်ပေမယ့် ကျွန်တော့် မျက်တောင်တစ်ချက်အခတ်၊ အသက်တစ်ချက်ရှိုက်ခြင်းက ပန်းဝတ်ရည်တွေလျှံနေတဲ့ ပျားရည်အိုင်ထဲကနိုးထလာရသလို ကြည်နူးပီတိဝနေတဲ့ နှလုံးသားနဲ့ဖြစ်၏။ ဝတ်မှုန်စားသုံးထားတဲ့လိပ်ပြာတွေလို ကျွန်တော့်စိတ်ရောကိုယ်ပါ ချိုမြိန်ခြင်းများနှင့် လန်းဆန်းနေတာမျိုး။
ကျွန်တော့်ခါးမှာရောက်နေတာ မနေ့ညက ကျွန်တော်ကိုင်ထားခဲ့တဲ့ မန်ကျည်းစေ့ရောင်ကွက်စိပ်ပုဆိုး။ ကပိုကရိုနဲ့ ဝတ်ပေးထားခံရတဲ့ ရှပ်အင်္ကျီဟပြဲအောက်မှာ ချစ်သူခြယ်တဲ့ဆေးစက်တွေက ကျွန်တော့်ရင်ဘတ်အနှံ့အပြား အရောင်ရင့်ရင့်နဲ့ရဲစွေးနေကြ၏။ ကျွန်တော့်မျက်နှာပူတက်သွားတာ အိပ်ခန်းထဲ နယ်ချဲ့လာတဲ့နေအပူရှိန်ကြောင့်မဟုတ်။ သေချာတယ် ဆေးနက်နက်နဲ့ထိုးထွင်းပုံဖော်ထားတဲ့ ကျွန်တော့်ဂုတ်သားပေါ်က စာလုံးတွေလည်း အနီရောင်တွေ စွန်းနေလိမ့်မည်။
နှလုံးသားထဲက တွန်းကန်ထွက်လာတဲ့ချိုမြန်ခြင်းက ကျွန်တော့်နှုတ်ခမ်းတွေရဲ့တည်တင်းမှုကို တိုက်စားပစ်သည်။ ကျွန်တော် ရယ်မိ၏။ နေရောင်ခြည်ကြောင့် ပွင့်လန်းသွားတဲ့ နေကြာတွေရဲ့ ပြုံးခြင်းမျိုးနဲ့။ ချိုမြိန်မှုတွေ ပြည့်လျှံကျနေတဲ့နှလုံးသားနဲ့။ ပျော်ရွှင်နေတဲ့နှလုံးသားက လေးလံနေတဲ့ ခန္ဓာကိုယ်အတွက် ဖြေဆေးလို။
အိပ်ခန်းတံခါးလှပ်သွားတာကို မျက်လုံးထောင့်ကဖမ်းမိပေမယ့် ကျွန်တော့်တစ်ကိုယ်လုံးကို စောင်အောက်ဖုံးကွယ်ချိန်မရလိုက်။
"အစ်ကို..."
ရင်ဘတ်တစ်ဝက်ထိတင်ထားမိတဲ့စောင်က ကျွန်တော်လက်ထဲကျစ်ကျစ်ပါသည်။ ပျော်တာကတခြား မျက်နှာပူတာက သီးသန့်နဲ့ အခန်းထဲဝင်လာသူရဲ့မျက်နှာကို ရှောင်လွှဲမိ၏။
"ကျွန်တော် အခုပဲလာနှိုးတော့မလို့။ နေလို့ကောင်းရဲ့လား။ ဘယ်လိုနေလဲ။ ကျွန်တော့်ကို ကြည့်ပါဦး အစ်ကိုရဲ့"