"ဟော အစောကြီးပြန်လာတာလား ဇာမဏိ"
"ဟုတ်"
ကျွန်တော့်လက်ထဲ လက်ဆွဲအိတ်ကို ထည့်ပေးလာပေမယ့် မျက်နှာကကြည်လင်မနေ။ ကျွန်တော် ရေခပ်ပေးတာတောင် မစောင့်ဘဲ ရေခဲသေတ္တာထဲကရေတစ်ဘူးထုတ်ယူပြီး အရှိန်နဲ့မော့ချသည်။ သူ သင်္ဘောဆင်းလာချိန်က ပွဲလမ်းသဘင်များသည့် ဒီဇင်ဘာလဖြစ်တာနဲ့တိုက်ဆိုင်ပြီး ပြန်ရောက်တည်းက အနားရသည်မရှိ။ ပြန်ရောက်တာတစ်လကျော်ပြီဖြစ်ပေမယ့် အညာက သူ့မိဘတွေဆီလည်း သွားမကန်တော့နိုင်သေးပါ။ မျက်ခုံးတန်းတွေတွန့်ချိုးထားပြီး စိတ်ကြည်နေပုံမရသူရဲ့ နဖူးစပ်က ချွေးစတွေကို ကျွန်တော့်လက်ခုံနဲ့ လှမ်းသုတ်ပေးလိုက်ရ၏။
"ဗိုက်ဆာပြီလား။ ထမင်းအရင်စားမလား"
"ရေအရင်ချိုးမယ် အစ်ကို။ တစ်ကိုယ်လုံး စေးကပ်နေတာပဲ"
ပင်ပန်းနေပုံပေါ်သူရဲ့နှုတ်ခမ်းတွေကို ဖျတ်ခနဲပင့်မော့နမ်းလိုက်တော့ မျက်ဝန်းတွေကြည်သွားကြသည်။
"ထမင်းစားဖို့ပြင်ထားလိုက်မယ်"
ကျွန်တော့်ပါးတစ်ဖက်ကို ရွှတ်ခနဲအသံမြည်အောင်နမ်းပြီးမှ ရေချိုးခန်းထဲဝင်သွား၏။ ဒီရက်တွေ ကျွန်တော်ကိုယ်တိုင်လည်း ဆေးခန်းထိုင်ချိန်တွေလျှော့ချလိုက်ပြီး အိမ်မှာပဲအနေများ၏။ ဇာမဏိသင်္ဘောတက်နေရင်တော့ အိပ်ချိန်ကလွဲလို့ ကျန်ချိန်တွေအကုန် ဆေးခန်းမှာချည်း။ ဇာမဏိပြန်ရောက်ပါပြီဆိုတည်းက ကျွန်တော့်လက်ရာကို ယုံကြည်ကြတဲ့ မာမီနဲ့ ဒေါ်ဒေါ်မေသက်က အိမ်ထမင်းအိမ်ဟင်းတွေ မပြတ်ပို့ပေးကြသည်။ နံနက်ဆို အဆာပြေစား ဇာမဏိကိုပို့ပေးပြီးရင် နေ့လယ်စာနဲ့ညနေစာကို ရန်ကင်းအိမ်မှာသွားယူရသည်။ ကျွန်တော်မသွားနိုင်တဲ့နေ့ဆို ကိုပြည့်လာပို့ရင်ပို့။
ဒီနေ့တော့ သူတို့သားမက်စားဖို့ ဆိတ်သားနဲ့အာလူးဟင်း၊ ခရမ်းချဥ်သီးထောင်းနဲ့ မြင်းခွာရွက်သုပ်ကိုတောင် အဆင်သင့်ပြင်ဆင်ပေးလိုက်၏။ ထမင်းဝိုင်းပြင်ပြီးတာနဲ့ ရေချိုးခန်းထဲက ထွက်လာတော့မယ့်သူအတွက် အဝတ်အစားပြေးထုတ်။