"ရောက်ပြီလား"
လှေကားထောင့်ချိုးမှာ နံရံကိုမှီပြီးရပ်နေတာမို့ လှေကားထစ်တွေပေါ်လှမ်းတက်လာတဲ့ကျွန်တော့်ပေါ် စီးမိုးနေ၏။ လှေကားမျက်နှာကျက်ပေါ်ရှိမီးလုံးက အပြာရောင်လဲ့လဲ့ဖြာကျနေသည်။
"ဖုန်းကျသွားတာနဲ့။ ကိုယ်ပြန်ခေါ်တော့ နေသော်က မကိုင်ဘူးလေ"
တင်းတင်းစေ့နှုတ်ခမ်းတွေနဲ့အကြည့်အောက်မှာ ကျွန်တော်ခြေစုံရပ်မိနေသည်။
"ဖုန်းကို silent လုပ်ထားမိတာ ကိုထွဋ်။ ပြောစရာရှိလို့လား"
အခုချိန် ကိုထွဋ်နဲ့မျက်နှာချင်းမဆိုင်ချင်။ ကျွန်တော့်ကို စူးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကိုရှောင်လွှဲရင်း ခြေညှပ်ဖိနပ်အနက်ရောင်စီးထားတဲ့ ခြေချောင်းသွယ်တွေကို ငေးကြည့်နေမိသည်။
"အိမ်ပြန်လာနေပြီပြောပြီး ဖုန်းဆက်မရတော့ စိတ်ပူသွားလို့"
နေနဲ့လသာ ကောင်းကင်မှာထိပ်တိုက်တွေ့ရင် ဘယ်လိုဖြစ်မလဲလို့ ကျွန်တော်ကြိမ်ဖန်များစွာတွေးဖူးသည်။ ဒါက နေနဲ့လမဟုတ်ပေမယ့် အနေရခက်စွာ အကြည့်တွေကိုရှောငိဖယ်ထားမိသည်။ ကိုထွဋ်လည်း ပြောပြီးမှမျက်နှာလွှဲသွား၏။
"သွားနေကျလမ်းတွေပဲ ကိုထွဋ်ရာ ဘာဖြစ်မှာလဲ။ ကျွန်တော် မိန်းကလေးလည်းမဟုတ်ဘူး"
"အင်း...နေသော်က အရှောင်တိမ်းတော်တာ မေ့သွားလို့။ ဒါဆိုပြန်တော့မယ်"
ဘေးကပ်ရှောင်လိုက်ပေမယ့် အင်္ကျီလက်ဖျားချင်းတိုက်သွားတာကို ခံစားမိ၏။
"နေသော်"
အခုတော့ ကိုထွဋ်က လှေကားအဆင်း၊ ကျွန်တော်ကလှေကားအတက်အမြင့်ပိုင်းမှာ။ ကျွန်တော်ခြေလှမ်းရပ်လိုက်ပေမယ့် ငုံ့မကြည့်ဖြစ်သလို ကိုထွဋ်ကလည်း မော့ကြည့်မလာပါ။
"ကိုယ့်အင်္ကျီ နေသော့်ဆီမှာနော်"
"ဟုတ်တယ် ကိုထွဋ် ကျွန်တော်လျှော်ထားပေးတယ်"