"အန်ကယ်လ်သော်...အင့်...ဟင့်"
"အန်ကယ်လ်သော် ရှိတယ်လေ သား။ ခဏနေရင် နာတာပျောက်သွားမှာ။ သားက သတ္တိရှိတာပဲကွ။ ဆေးထိုးပြီးတာတောင် မငိုဘူး"
ကျောင်းနားမှာရောင်းတဲ့ အချဥ်ပေါင်းတွေဝယ်စားပြီး အထက်လှန်အောက်လျှောဖြစ်ချင်နေတဲ့ လင်းလွန်းကို ကျွန်တော့်မှာ ပွေ့ချီထားလျက်နဲ့ အိပ်ပျော်အောင် သိပ်ရသည်။ ဝမ်းသွားတာရော အန်ထားတာရောနဲ့ နုံးခွေနေတဲ့ကလေးက သူ့အမေဆူထားတာကြောင့်လည်း ဝမ်းနည်းနေပုံရ၏။ အိပ်ခါနီး ည ၁၀နာရီလောက် ညီမလေးဖုန်းဆက်ခေါ်လို့ ပြေးလာလိုက်တာ ကျွန်တော့်မှာ ညအိပ်ဝတ်စုံတောင် လဲမလာရ။
လင်းလွန်းအရွယ်ရောက်လာတဲ့အချိန်တွေ ကျွန်တော်အနားမှာမရှိပေမယ့် သွေးကစကားပြောတာကြောင့်လား ဒီတူလေးက ကျွန်တော့်အပေါ်ခင်တွယ်လွန်း၏။ ကျွန်တော် မြန်မာနိုင်ငံပြန်ရောက်တာ နှစ်ဝက်မရှိသေးပေမယ့် အခုနေထိုင်မကောင်းတော့ သူ့အမေအဖေကိုကျော်ပြီး ကျွန်တော့်နာမည်တသည်။ ကျွန်တော့် ရင်ဘတ်ပေါ်တွယ်ကပ်ပြီး ပုခုံးကိုသိုင်းဖက်ထားတာလည်း တင်းတင်း။ ဆေးထိုးပြီး အီနေတာမို့ သူ့ကိုချီပွေ့ထားလျက်နဲ့ ဧည့်ခန်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ချော့သိပ်ရသည်။
"မာမီနဲ့ ညီမလေး အိပ်နှင့်။ ဆေးထိုး၊ ဓါတ်ဆားတိုက်ထားတော့ ဝမ်းလည်းထပ်သွားတော့မှာ မဟုတ်ပါဘူး။ အောက်ထပ်သွားမလား"
ညီမလေးတို့ ဝယ်ထားတဲ့ အောက်ထပ်မှာ ကိုပြည့်နဲ့ သားအငယ်ကျန်ခဲ့တာဖြစ်သည်။ သူ့မြေးနေမကောင်းတော့ မာမီလည်းမျက်နှာမကောင်း။ ခုနှစ်လကျော် ရှစ်လထဲရှိလာတဲ့ဗိုက်နဲ့ ညီမလေးမျက်ဝန်းထဲမှာလည်း မိခင်တစ်ယောက်ရဲ့ စိုးရိမ်မှုမျိုး။
"ဒီမှာပဲ အိပ်မယ် ကိုကို။ သူ့အစ်ကို အီတာမြင်ရင် အငယ်ကောင်က လိုက်ငိုချင်တာနဲ့"
"ဒါဆို အခန်းထဲသွားနေတော့။ သူ အိပ်ပျော်သွားမှ ကိုကို လာပို့ပေးမယ်"