Osaka, Japan.
အိုဆာကာမြို့ရဲ့အပူချိန် သုညဒီဂရီအောက်မှာ ကျွန်တော့်ခြေထောက်က sneaker နှင်းထုထဲမြှုပ်ချင်နေသည်။ ကျွန်တော့်အခန်းကပ်လျက်က အိန္ဒိယနိုင်ငံသားအတန်းဖော် ဖိတ်ခေါ်မှုနဲ့ ညနေစာကို ဂျပန်ခေါက်ဆွဲစားဖြစ်ကြသည်။ ကံကောင်းချင်တော့ ဒီတစ်ခေါက်ကျွန်တော် တက်ဖြစ်တဲ့မဟာတန်းအပတ်စဥ်မှာ အာရှနိုင်ငံသားတွေများသည်။ ယဥ်ကျေးမှုနီးစပ်ပြီး ရေမြေအနေအထားကြီးကြီးမားမားမကွာခြားတဲ့ ဒီအိန္ဒိယနိုင်ငံသားနဲ့ကတော့ အတွဲဖြစ်ဆုံးပင်။
ကျွန်တော့်ရဲ့ ပင်လယ်ချစ်မြတ်နိုးသူကြောင့် ရေကမ္ဘာမှာပျော်မြူးတဲ့အကောင်ငယ်တွေမစားဖြစ်တာကစလို့ ဒီအပူပိုင်းဒေသကသူငယ်ချင်းနဲ့ ကျွန်တော်တွဲဖက်ညီဖြစ်ကြခြင်း။ နှစ်သစ်ကြိုတဲ့ ဒီ New Year Night တောင် အိမ်မပြန်ဖြစ်တဲ့အာရှသားတွေစုပြီး အိုဆာကာရဲ့နာမည်ကြီးဆူရှီဆိုင်သွားဖို့ အစီအစဥ်မှာ ကျွန်တော်တို့နှစ်ယောက်ပဲ နောက်ချန်နေခဲ့ခြင်းဖြစ်၏။
အဆောင်ကနေ မိနစ် ၂၀လမ်းလျှောက်ရသည့် ဂျပန်ရိုးရာခေါက်ဆွဲဆိုင်မှာ ကြက်သားမျှင်ပေါပေါနဲ့အလုံးတုတ်တုတ် ခေါက်ဆွဲတွေ အဝတီးပစ်လိုက်တာ တစ်ယောက်ကိုနှစ်ပွဲ။ ရောင်စုံမီးတို့နှင့်အလှဆင်ထားသည့် အိုဆာကာညခင်းက နှစ်သစ်ကိုကြိုဆိုဖို့အသင့်ဖြစ်နေလေပြီ။ ဒီဇင်ဘာရဲ့ သင်္ကတနှင်းပွင့်၊ ဆောင်းရာသီကိုအလှဆင်သည့် ရောင်စုံမီးခက်များနှင့် လမ်းမထက် သွားလာနေကြသူတို့ရဲ့ အဝတ်အစားထူထူနဲ့မာဖလာထွေးထွေးတို့က သဘာဝကိုလှပစေဖို့ လုံလောက်၏။
အဆောင်နဲ့တက်နေကျောင်းကပ်လျက်ဖြစ်တာမို့ Osaka Dental University ရှေ့က အဆာပြေစာဆိုင်ကိုရောက်တော့ ဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံး ဆန်မုန့်နဲ့ လက်ဖက်ရည်ကြမ်းမွှေးမွှေးကို အချိုတည်းဖြစ်သည်။ ကျောင်းတက်ရတဲ့ပုံမှန်ဖွင့်ရက်တွေဆို ရေညှိထမင်းလိပ်တွေ၊ အသားပြားကြော်တွေနဲ့သာ ဖြတ်သန်းရတာမို့ ဒီတစ်ညနေတော့ အညိုစင်သူငယ်ချင်းနဲ့အတူ အစာအိမ်ကို အလိုလိုက်ဖြစ်သွား၏။ ကြာပန်းပုံလက်ဖက်ရည်ကြမ်းခွက်အစိမ်းရင့်ကို မော့ချတိုင်း အကြမ်းရည်သောက်တတ်သူကို သတိရစိတ်က ဝဲဘတ်ရင်ကို လှုပ်ရှားစေသည်။