"မနက်ဖြန် ၇ခွဲလောက် လာခေါ်မယ်။ Oriental House မှာ မနက်စာ လိုက်ကျွေးမယ်။ မစားထားနဲ့"
"အေးပါ"
ရဲဘုန်းကတော့ ကျွန်တော်တို့ရဲ့ပထမဆုံး ဖက်စပ်ခြေလှမ်းအတွက်တက်ကြွနေသည်။ မွေးရပ်မြေနဲ့ ငါးနှစ်တာခွဲခွာခဲ့ရတဲ့ ကျွန်တော့်ကို ဒီရက်တွေ ရဲဘုန်းကပဲ အကြိုအပို့လုပ်ပေးနေရသည်။ ပြန်ရောက်တာ တစ်လကျော်လာပေမယ့် သူငယ်ချင်းတွေ လာခေါ်တာမှ မဟုတ်ရင်လည်း အပြင်မထွက်ဖြစ်။ ရဲဘုန်းကား အိမ်ရာဝင်းထဲက ထွက်သွားပေမယ့် အိမ်ပေါ်မတက်ဖြစ်သေး။
အိမ်ရာဝင်းထိပ်ရှိ ပိတောက်ပင်က အောက်တိုဘာရဲ့အကြွင်းအကျန်မိုးရေစက်တို့ကြောင့် အရွက်ဖားဖားတို့က အရောင်တင်ခံထားရသလို စိမ်းစိုနေသည်။ လင်းထိန်နေသည့် လမ်းမီးတိုင်တို့အောက်မှာ ငြိမ်သက်နေသည့် အဖြူရောင်အုတ်ခုံ။ အမှတ်တရတွေရဲ့ညို့ငင်မှုနဲ့ ကျွန်တော်က အိမ်ထဲဝင်ဖို့ အလောတကြီးဖြစ်မနေ။
ဝင်ပေါက်ကနေ လှမ်းမြင်နေရတဲ့ ကျွန်တော်တို့တိုက်ရဲ့လှေကားထစ်အခြေ။ အတွင်းပိုင်းမှောင်ရိပ်ကျနေပေမယ့် ကျွန်တော့်မှတ်ဥာဏ်အကန့်ထဲက ဖလင်တွေထဲမှာတော့ သူ့အကြင်နာတွေကို ရှင်းလင်းနေအောင် မြင်ရ၏။ စီတန်းရပ်ထားသည့် ကားတွေကိုကျော်ဖြတ်ဖို့ မရဲစွာဘဲ ကျွန်တော့်ခြေလှမ်းတွေနေရာကမရွေ့နိုင်။ ကားနောက်ခန်းထဲလွင့်ပျံ့ခုန်ပေါက်ခဲ့ကြသည့် ရယ်သံတွေ၊ ဂစ်တာတစ်လက်၊ အနမ်းချိုချို၊ ရှက်ရွံ့နေတဲ့လမင်း...ဒိုင်ယာရီထဲက ထွက်ကျလာသည့် အမှတ်တရစာမျက်နှာတွေ။
ဒီနှစ်တွေကို သူ ဘယ်လောက်တောင် ခဲခဲယဥ်းယဥ်းကျော်ဖြတ်ခဲ့ရမလဲ ကျွန်တော် နားလည်လာသလိုပင်။ ဂျပန်မြေမှာ ကျွန်တော်ပြေးလွှားနေရတဲ့အချိန် ကျွန်တော့်အငွေ့အသက်တွေကျန်ရစ်ခဲ့တဲ့ ဒီနေရာ၊ ဒီလမ်းတွေကို သူဘယ်လိုများ အသားကျအောင်နေခဲ့သလဲ။ သူမရှိတဲ့ ကျွန်တော့်ပြည်တော်ပြန်ခရီးက သူ့အငွေ့အသက်အပြည့်တည်ရာ ဒီနေရာမှာ အလွမ်းတွေပိုသည်းဖို့သာဖြစ်နေစေ၏။