"လမ်းမကြီးအတိုင်းမသွားဘဲ ဖြတ်လမ်းကသွားလိုက် ဖြိုးလေး!"
"နေသော် စိတ်လျှော့ ဘာမှမဖြစ်လောက်ပါဘူး။ ဇာမဏိတို့လည်းရှိတယ်မလား"
"ဇာမဏိရှိလည်း ဇော်ထက်ကို စိတ်မချဘူး"
"ဘယ်လိုဖြစ်ပြီး club ထိရောက်သွားကြတာလဲ"
ဖြိုးလေးက ကားမောင်းရင်းလှည့်မေးလာ၏။
"အဖွဲ့ကောင်းလို့နေမှာပေါ့။ ဘရဏီအသံက ဘယ်လိုနေလဲ နေသော်"
ရဲဘုန်းက နောက်ခန်းမှာထိုင်နေရင်း ကျွန်တော်နဲ့ဖြိုးလေးကြားထဲ ခေါင်းတိုးလာသည်။
"Club မှာရောက်နေတာ။ ဇော်ထက်တို့နဲ့ တခြားတစ်ဖွဲ့ရန်ဖြစ်တော့မယ်ထင်လို့ ငါ့ကို လိုက်လာပေးလို့ရမလားပဲပြောတယ်"
"အခြေအနေက အဆိုးကြီးတော့မဟုတ်လောက်ပါဘူး"
ရဲဘုန်းက နှစ်သိမ့်မှုပေးပေမယ့် ကျွန်တော်ရတက်မအေးနိုင်သေး။ ရုံးဆင်းချိန်မတိုင်သေး၍ ဗဟန်း(၃)လမ်းက ရှင်းလင်းနေသည်။ ကြယ်သီးပြည့်တပ်ထားတဲ့ရှပ်ကော်လံကို ရင်ဘတ်နားထိဖြုတ်ပစ်လိုက်မှ အသက်ရှူချောင်သည်။ အင်္ကျီလက်ဖျားတွေကို တံတောင်ဆစ်ထိခေါက်တင်ပြီးနောက်တော့ စိတ်ကလွတ်လပ်ပေါ့ပါးသွား၏။ ဖြိုးလေးကားမောင်းနှုန်းနဲ့ Club ထိရောက်ဖို့ ၁၅ မိနစ်သာကြာလိုက်သည်။ ရှိရှိသမျှ club အကုန် member ဝင်ထားတဲ့ဖြိုးလေးက ဒီနေရာတော့အားကိုးရ၏။ ရွှေရောင်လက်နေတဲ့ member card ကိုမြင်တာနဲ့ ကာစီးထားသမျှအရံအတားအကုန်လုံး ပွင့်သည်။ ခြံထောင့်က ကံ့ကော်ပင်အောက်မှာ ဇော်ထက်ကားကိုတွေ့ရသည်။
မီးရောင်မှိန်မှိန်နဲ့လျှောက်လမ်းရှည်ကိုဖြတ်လိုက်တယ်ဆိုရင်ပဲ ဂီတသံအစား မသဲမကွဲစကားသံအချို့ကိုကြားနေရပြီ။ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြ၏။ ခြေလှမ်းတွေကိုအရှိန်တင်လိုက်တာနဲ့ စက်ဝိုင််းပုံ Dance Floor ကိုတန်းရောက်သွားသည်။ လည်နေတဲ့မီးရောင်တဖျတ်ဖျတ်အောက်မှာ လူတွေဝိုင်းအုံနေကြသည်။ ဂီတသံကင်းမဲ့နေတဲ့ Club အတွင်းပိုင်းရောက်မှ ဆူညံသံတွေကို ထင်ထင်ရှားရှားကြားရတော့သည်။ အရှိန်ပြင်းပြင်းထိခိုက်မိနေကြသည့်အသံတွေ။ Club ထဲပြေးဝင်လာတဲ့ ကျွန်တော်တို့ခြေသံတွေကြောင့် လူအုပ်က ကျွန်တော်တို့ဘက်လှည့်လာသည်။