ဇာမဏိလက်ထဲရှိနေတာက ကျွန်တော့်ဂစ်တာ။ ကျွန်တော့် အသက်ရှုသံတွေက မငြိမ်မသက် ကမောက်ကမ။ မှန်တစ်ချပ်ခြားနေပေမယ့် သူ့မျက်ဝန်းကြည်ကြည်တွေက ယမကာတွေဝင်ထားတဲ့အရှိန်ကြောင့်လား ရေသေအိုင်တစ်ခုလို ပိုမိုနက်မှောင်နေ၏။ ကျွန်တော့်ကို ဘယ်အချိန်တည်းက ငေးကြည့်နေခဲ့သလဲ ကျွန်တော်မသိ။ ကျွန်တော့်နှုတ်ခမ်းက အသံတိတ်ရေရွတ်မိတဲ့ သူ့အမည်ခေါ်သံကို ခံစားမိပုံရပြီး ကားပေါ်တက်လာသည်။ စတီရင်ယာတိုင်ပေါ်က ကျွန်တော့်နှစ်ဖက်ကို တင်းထားမိ၏။
"သွားလို့ရပြီ"
မူပိုင်သံကိုလွန်နေတဲ့ စကားသံက အက်ရှရှ။
"အင်း... ဂစ်တာကို အနောက်ခန်းထဲထည့်လိုက်မယ်လေ"
"မထည့်ပါနဲ့တော့"
ဂစ်တာကို ပိုက်ထားလျက်နှင့် မျက်လုံးတွေမှိတ်ပြီး ခေါင်းကိုကူရှင်မှာမှီလိုက်တာမို့ လည်တိုင်ကတစ်ဖြောင့်တည်းတန်းသွားသည်။ အသီးနဲ့ရောတဲ့အပျော့စားတွေပဲ သောက်တာမြင်ခဲ့ပေမယ့် ဆယ်ကျော်သက်တစ်ယောက်ရဲ့ခံနိုင်ရည်အားနှင့်ကြည့်မည်ဆိုလျှင် သူလည်းထွေနေလိမ့်မည်။ ဒီလိုဆို ကျွန်တော့်ရဲ့တဒင်္ဂရူးသွပ်တဲ့လုပ်ရပ်ကို ဇာမဏိ တွေ့သွားတာ ဟုတ်ချင်မှဟုတ်မည်။ တကယ်လို့တွေ့သွားခဲ့တယ်ဆိုရင်ရော...နူးညံ့စွာကြင်နာမိတဲ့ အင်္ကျီစွန်းပေါ်ကကျွန်တော့်နှုတ်ခမ်းတွေကိုရဲ့အပြုအမူကို သူ လွဲချော်သွားကောင်းပါရဲ့။ ရီဝေနေတာတွေအားလုံးက နေမင်းရဲ့အရှိန်ဝါအောက်မှာ ပျော််ကျပျောက်ကွယ်သွားခဲ့ရတဲ့ မထင်မရှားမြူမှုန်ငယ်တွေလို။ ကျွန်တော့်အပါးရစ်ဝဲနေကြတဲ့ အသက်ရှုသံနှစ်ခုအောက်မှာ ကျွန်တော့်နံနက်ခင်း မွန်းကြပ်နေ၏။