Zawgyi
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အားကစားရုံကြီးတစ်ခုထဲတွင် အထက်တန်းကျောင်းပေါင်းစုံမှ အထက်တန်းစီနီယာကျောင်းသားကျောင်းသူများရဲ့ figure skating semi finalပြိုင်ပွဲကြီးကိုကျင်းပနေကြသည်။ အားကစားရုံကြီးထဲတွင် ပြိုင်ပွဲဝင်များ၊ နည်းပြဆရာ ဆရာမများ၊ လာရောက်ကြည့်ရှုသူ ပရိသတ်များဖြင့် ရှုပ်ယှက်ခက်စည်ကားလျက်ရှိသည်။
"ကြွရောက်လာကြသော လူကြီးမင်းများခင်ဗျာ မကြာခင် အချိန်အတွင်းမှာပဲ ပြိုင်ပွဲစတင်တော့မည် ဖြစ်ပါသဖြင့် မိမိတို့၏သတ်မှတ်ထားသောနေရာများတွင် စောင့်နေပေးကြပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျာ.."
ပြိုင်ပွဲဝင်များရဲ့ နားနေခန်းတစ်ခုတွင် ဆံပင်အမဲလေးနှင့် အင်္ကျီလက်ရှည်အဖြူရောင် ဘောင်းဘီရှည်အနက်ရောင်လေးကိုဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး တစ်စုံတစ်ယောက်ဆီသို့ဖုန်းခေါ်ဆိုလိုက်သည်။ ဖြူဖွေးနေသောမျက်နှာလေးထက်တွင် အနီရဲလေးသမ်းနေသောနှုတ်ခမ်းပါးလေးနှင့်လိုက်ဖက်စွာ တည်ငြိမ်အေးချမ်းမှုလေးတစ်ခုကရှိနေသည်။ မျက်နှာထက်ရှိအဆွဲဆောင်နိုင်ဆုံးသောအရာလေးမှာ နှာခေါင်းထက်ရှိမှဲ့နက်လေးတစ်ခုပင်ဖြစ်သည်။
ကြည့်ကောင်းလိုက်ပါဘိ..သက်ရှိတော်ဝင်မင်းသားလေးတစ်ပါးနှယ်..
တည်ငြိမ်အေးချမ်းနေသော ထိုမျက်နှာငယ်လေးသည် အလိုမကျမှုများကြောင့်ချက်ချင်းပျက်ယွင်းသွားရတော့သည်။
"လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ ပြန်လည်ဖြေကြားခြင်းမရှိ.."
"ဖုန်းကိုင်စမ်းပါ ရှင်းမ်ဂျယ်ယွန်းရယ်.."
ပြန်လည်ဖြေကြားခြင်းမရှိသောဖုန်းနံပါတ်လေးကို နောက်ထပ်တစ်ကြိမ်ခေါ်မည်အပြုတွင် နားနေခန်းတံခါးဝမှလူတစ်ယောက်က ထိုကောင်လေးကိုလှမ်းခေါ်လိုက်သည်။
"ပတ်ဆောင်ဟွန်း ပြိုင်ပွဲစတော့မယ်..ငါးမိနစ်အတွင်းကွင်းထဲမှာနေရာယူထားပါ"
"ဟုတ်ကဲ့ပါ နည်းပြ ကျွန်တော်ချက်ချင်းလာခဲ့ပါ့မယ်"
နည်းပြပြန်ထွက်သွားသည့်အချိန်မှ မိမိ၏လက်ကိုင်ဖုန်းလေးကို ညိုးနွမ်းနေသောစိတ်အစဉ်ဖြင့် လွယ်အိတ်ထဲထည့်လိုက်သည်။ ဒီလိုကိစ္စမျိုးအကြိမ်ပေါင်းများစွာဖြစ်နေကြပေမယ့် ဒီတစ်ခေါက်ကတော့မတူပေ။ သူလာမယ်လို့ ကိုယ့်ကိုအကြိမ်ကြိမ်ကတိပေးထားသောကြောင့် မျှော်လင့်ချက်တွေတစ်ပွေ့တစ်ပိုက်ကြီးဖြင့် သူ့ကိုစောင့်မျှော်နေခဲ့တာ။ အခုတော့ အရင်လိုပါပဲ။ ရှင်းမ်ဂျယ်ယွန်း မင်းကတိမတည်ခဲ့ဘူး။ မင်းဒီတစ်ခေါက်လည်း ငါ့ပြိုင်ပွဲကိုလာမကြည့်ခဲ့ဘူး။ ငါ့ဆီကို မင်းရောက်မလာခဲ့ဘူး...