UNICODE
အတန်းခေါင်းဆောင်တို့သုံးယောက် ထွက်သွားပြီးနောက် ဆောင်ဟွန်းနှင့်နာဘီတို့ နှစ်ယောက်သာကျန်ခဲ့လေသည်။ နှစ်ယောက်သား စကားတစ်ခွန်းမှမဆိုကြဘဲ ရှိနေလေသည်။
ဆောင်ဟွန်းကလည်း ရှင်းမ်အကြောင်းတွေးနေသလို၊ နာဘီတစ်ယောက်ကတော့ စိတ်ထဲတွင်အတွေးပေါင်းစုံဖြင့် ဗြောင်းဆန်နေလေသည်။လေထုကြီးကထူးဆန်းလိုက်တာ။ ဘယ်လိုလုပ်ရမလဲ။ ငါအရင်စပြောလိုက်ရမလား။ ကိုယ့်ကိုယ်ကိုယ်အရင်မိတ်ဆက်သင့်လား။ ဘာအရင်စပြောလိုက်ရမလဲ။ ရင်တွေတုန်လွန်းလို့ လက်ဖျားတွေတောင်အေးလာသလိုပဲ။
နာဘီတစ်ယောက် အေးစက်နေသောလက်အချင်းချင်းကို ဆုပ်ကိုင်ပြီး အတွေးများဖြင့်ဗျာများနေစဉ် ဆောင်ဟွန်းမှစပြောလိုက်လေသည်။
"သွားကြမယ် ကျောင်းစတိုခန်းထဲကပစ္စည်းတွေအရင်သွားယူကြတာပေါ့"
နာဘီလည်း ဆောင်ဟွန်းကိုမော့ကြည့်လိုက်သော် ဆောင်ဟွန်းကလည်းသူ့ကိုပြန်ကြည့်နေလေသည်။ ဒီမျက်ဝန်းတွေ..အမြဲတမ်းခိုးကြည့်ခဲ့ရတဲ့မျက်ဝန်းတွေက အခုနာဘီ့ကိုကြည့်နေတယ်..ရင်ခုန်ရလွန်းလို့ နှလုံးသားလေးပင် အပြင်ကိုခုန်ထွက်တော့မတတ်ပင်။
"ကျောင်းသူသစ် ကြားရဲ့လား"
ဆောင်ဟွန်းအသံကြားမှ အတွေးကမ္ဘာဆီမှ လက်ရှိသို့ပြန်ရောက်လာလေသည်။
"အာ တောင်းပန်ပါတယ်..ဟို သွားကြတာပေါ့ စတိုခန်းကို"
ဒီလိုနှင့် ဆောင်ဟွန်းကရှေ့မှဦးဆောင်၍ နှစ်ယောက်သား စတိုခန်းသို့ ပစ္စည်းများယူရန် ထွက်လာခဲ့ကြသည်။
နာဘီအခုမှပိုပြီးသတိထားမိသည်က ဆောင်ဟွန်းအရပ်ကအမြင့်ကြီးပင်။ ခြေတံတွေကလည်းအရှည်ကြီးဖြစ်ပြီး နာဘီ့အရပ်ထက်နှစ်ဆလောက်ရှိလေသည်။ ဘယ်လောက်တောင် သဘောကျစရာကောင်းလိုက်လဲ။ ဆောင်ဟွန်းဘေးမှာ အခုလိုရှိနေရခြင်းကိုက နာဘီ့အတွက် အကောင်းမွန်ဆုံးအခိုက်အတန့်လေးပင်။
"ဟို..ငါ့နာမည်က ကင်နာဘီပါ..နာဘီလို့ခေါ်လို့ရတယ်"
ဆောင်ဟွန်း နာဘီ့ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး အရှေ့သို့ပြန်လှည့်သွားလေသည်။
