UNICODE
ရှင်းမ် အိမ်သို့မည်သို့မည်ပုံပြန်ရောက်လာသည်မသိ အိမ်ထဲသို့ဝင်လာသည့်အချိန် ထမင်းစားခန်းထဲမှထွက်လာသောမားက စကားလာပြောမှသာ အသိဝင်လာလေသည်။
"ယွန်းလေး ပြန်လာပြီလား"
"....."
"ယွန်းလေး?"
အခုအချိန်တွင် ရှင်းမ်ဘာကိုမှရေရေရာရာမတွေးနိုင်။ ဦးနှောက်တစ်ခုလုံးလေဟာပြင်ထဲရောက်နေသလို ဟာနေလေသည်။ ထို့ကြောင့် ရှင်းမ်ကိုစိုးရိမ်နေသောမျက်ဝန်းများဖြင့်ကြည့်နေသည့်မားအား တစ်ချက်သာကြည့်လိုက်ပြီး အပေါ်ထပ်သို့တက်လာခဲ့လေသည်။
အခန်းထဲသို့ရောက်သော် အခန်းတံခါးအားလော့ချလိုက်ပြီး တံခါးကိုမှီကာကြမ်းပြင်ပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်လေသည်။
ပတ်ဂျင်ယောင်း...ပတ်ဆောင်ဟွန်း...
ပတ်ဂျင်ယောင်းဆိုတဲ့လူက ဆောင်ဟွန်းရဲ့အဖေတဲ့လား။
ရှင်းမ် လုံးဝမထင်ထားသည့်ကိစ္စပင်။ ကမ္ဘာကြီးကအဲ့လောက်တောင်ကျဉ်းသလား။ ဘာလို့လဲ ဘာလို့သူ့ဆီကိုမှဒီလိုကိစ္စမျိုး လာဖြစ်နေရတာလဲ။
သူ ဆောင်ဟွန်းကိုသဘောကျနေတာလေ။ သူ့ခံစားချက်တွေကိုအတည်ပြုပြီး အခွင့်အရေးရလျှင် ဖွင့်ပြောမည်ဟုဆုံးဖြတ်ပြီးကာမှ ဘာလို့အခုလို မထင်မှတ်ထားတာကြီး ဖြစ်လာရတာလဲ။ မားနဲ့အဲ့ဒီလူလက်ထပ်လိုက်ရင် သူနဲ့ဆောင်ဟွန်းက သွေးမတော်ပေမယ့် ဥပဒေအရ ညီအစ်ကိုဖြစ်တော့မှာမလား။
ရှင်းမ် စိတ်ရှုပ်ထွေးစွာ ဆံပင်များအားဆွဲဖွလိုက်လေသည်။
ငါ ဘယ်လိုလုပ်ရတော့မှာလဲ။
**************************
အောက်ထပ်တွင်လည်း ဆိုဟီးတစ်ယောက်(ရှင်းမ်ရဲ့မား မေ့သွားကြမှာစိုးလို့) အပေါ်ထပ်သို့တက်သွားသော သားဖြစ်သူကိုကြည့်ရင်း စိတ်ပူနေမိလေသည်။
ထို့ကြောင့် အိတ်ကပ်ထဲမှဖုန်းအားထုတ်ရင်း ဖုန်းနံပါတ်တစ်ခုအားခေါ်ဆိုလိုက်လေသည်။
"အကို ဆိုဟီးပါ..ယွန်းလေးနဲ့ဒီနေ့တွေ့တာဘယ်လိုလဲဟင် အဆင်ပြေခဲ့ရဲ့လား"