UNICODE
နေ့အလင်းရောင်လေးတွေမှေးမှိန်ပြီး တစ်နေကုန်တောက်ပခဲ့တဲ့နေမင်းကြီးက ဟိုးအနောက်ဘက်ကိုဝင်တော့မယ့်ဆဲဆဲအချိန် ဟန်မြစ်ကမ်းဘေးမြင်ကွင်းက ဘယ်အရာမှမမှီနိုင်တဲ့ အလှပဆုံးပန်ချီကားလေး။
ဟန်မြစ်ကမ်းဘေးတွင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူရည်းစားအတွဲတွေနဲ့ ရှုပ်ယှက်ခတ်နေသော်လည်း စိတ်ရှုပ်စရာလို့မမြင်ဘဲ အရမ်းပျော်စရာကောင်းနေလေသည်။
ဆောင်ဟွန်း ထိုရှုပ်ယှက်ခတ်သွားလာနေကြသူများကို ကြည့်နေရင်း မိမိဘေးတွင်ကျောက်ရုပ်ကြီးကဲ့သို့ မလှုပ်မယှက်ထိုင်နေသော ရှင်းမ်အားလှည့်ကြည့်လိုက်လေသည်။
အရှေ့တည့်တည့်သို့သာ ဦးတည်ရာမရှိစိုက်ကြည့်နေရင်း အတွေးလွန်နေပုံရသည်။ ကျောင်းဆင်းဆင်းချင်း ဆောင်ဟွန်းအား ဒီဟန်မြစ်ဘေးသို့ဆွဲခေါ်လာသောရှင်းမ်သည် ပြောစရာတစ်ခုခုရှိနေသည်ဟုထင်သော်လည်း ရောက်ကတည်းက ငြိမ်ငြိမ်ကြီးသာထိုင်နေပြီး တစ်ခွန်းမှမပြောသေးချေ။
"ဆောင်ဟွန်း"
"ဟင်"
ဆောင်ဟွန်းနာမည်ကိုသာခေါ်ပြီး ပြန်လည်တိတ်ဆိတ်သွားသော ရှင်းမ်အားကြည့်ပြီး ဆောင်ဟွန်းမနေနိုင်တော့ပေ။
"ရှင်းမ် မင်းနဲ့အရင်းနှီးဆုံးကငါမလား မင်းရင်ထဲရှိနေတာတွေကို ငါ့ကိုရင်မဖွင့်လို့ မင်းကဘယ်သူ့ဆီရင်ဖွင့်ချင်နေတာလဲ"
ဆောင်ဟွန်း အပြစ်တင်သလိုလေးပြောလိုက်တော့ ရှင်းမ် ဆောင်ဟွန်းအားလှည့်ကြည့်ရင်း သက်ပြင်းလေးလေးတစ်ချက်ချလိုက်လေသည်။
"ဆောင်ဟွန်း မင်းဖေဖေနဲ့မေမေသာ ကွာရှင်းတော့မယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ မင်းခွင့်ပြုပေးမှာလား"
ရှင်းမ်စကားကြောင့် ဆောင်ဟွန်းခဏတာတိတ်ဆိတ်သွားပြီးနောက် ရှင်းမ်ကိုငေးကြည့်ရင်း ပြောလိုက်လေသည်။
"မင်းအခုတလောမှိုင်နေတာ ဒီကိစ္စကြောင့်လား"
ရှင်းမ်ဘက်ကဘာမှပြန်မပြောသော်လည်း ဆောင်ဟွန်းသိလိုက်ပါပြီ။ ရှင်းမ်ရဲ့ဖေဖေနဲ့မေမေကကွာရှင်းတော့မည့်အကြောင်းကိုပင်။