UNICODE
Shinwa အထက်တန်းကျောင်း၏ စာသင်ခန်းတစ်ခုတွင်စာလုပ်သူလုပ်၊ စကားပြောသူပြောဖြင့် ဆူညံလျက်ရှိလေသည်။
ထိုအထဲတွင် နာဘီလည်းအပါအဝင်ဖြစ်လေသည်။ သူငယ်ချင်းဖြစ်သူဟယ်မီနှင့်စကားပြောနေသော်လည်း ဟယ်မီအနောက်ဖက်ခုံမှ နားကြပ်အဖြူရောင်လေးတပ်၍ ခုံပေါ်မှောက်အိပ်နေသော ဆောင်ဟွန်းဆီသို့သာ မျက်လုံးများကရောက်ရောက်သွားလေသည်။
ကျောင်းသို့ရောက်သည်မှာ တစ်ပတ်ကျော်နှစ်ပတ်နီးပါးရှိပြီဖြစ်သော်လည်း ဆောင်းဟွန်းနဲ့တော့မခင်သေးချေ။ ထိုနှစ်ပတ်အတွင်း နာဘီသိလိုက်ရသည်က ဆောင်ဟွန်းက သူ့သူငယ်ချင်းရှင်းမ်ဂျယ်ယွန်းနှင့် အတန်းခေါင်းဆောင်ဖြစ်သူယန်းဂျောင်ဝန်းမှလွဲ မည်သူနှင့်မှ စကားသိပ်မပြောပေ။ မိန်းကလေးများနှင့်ဆိုပိုဆိုးလေသည်။ ထို့ကြောင့် နာဘီကိုယ်တိုင်လည်းအခက်တွေ့နေရလေသည်။ ဆောင်ဟွန်းကိုယ်တိုင်ကလည်းအနေအေး၍စကားနည်းသလို နာဘီဖက်ကလည်းစ၍စကားသွားမပြောရဲပေ။ ပုံမှန်အားဖြင့် နာဘီကစကားနည်း၍ ကိုယ့်ဘက်မှစပြီးပြောဆိုရမည်ဆိုလျှင်ကြောက်ရွံ့နေသောtypeမဟုတ်ပေ။ ကိုယ့်ဘက်ကစ၍စကားပြောရမည်ဆိုလည်း မည်သူနှင့်မဆိုပြောဆိုနိုင်သော်လည်း ဆောင်ဟွန်းနဲ့တော့မဟုတ်ပေ။
ဆောင်ဟွန်းကိုစကားသွားပြောမည်ဆိုလျှင် စဉ်းစားလိုက်တာနှင့်ကို စိတ်တွေလှုပ်ရှားလာ၍ ခြေဖျားလက်ဖျားများပင်အေးလာလေသည်။ ကိုယ့်ဘက်ကသဘောကျနေရသူဖြစ်သောကြောင့် ကိုယ့်စိတ်ကိုမလုံ၍ပဲ ထိုသို့စိတ်လှုပ်ရှားနေသလားတော့မပြောတတ်ပေ။
သို့သော် အခုရက်ပိုင်းတွင် ဆောင်ဟွန်း၏ မျက်နှာလေးကလည်းညှိုးနေတတ်လေသည်။ နေမကောင်းများဖြစ်လို့လားဟု စိုးရိမ်သော်လည်း ကိုယ်နဲ့မခင်သောကြောင့်ဇွတ်ဝင်ရောလို့လည်းမဖြစ်ပြန်ပေ။ သို့ပေမယ့် နာဘီ့စိတ်ထဲတွင်တော့ အတော်လေးမသက်မသာဖြစ်နေလေသည်။ နာဘီက ဆောင်ဟွန်းမျက်နှာထက်တွင် အပြုံးလေးတွေကိုသာမြင်တွေ့ချင်သူဖြစ်လေသည်။ ညှိုးငယ်မှုလေးအနည်းငယ်ကလည်း နာဘီ့ကိုစိတ်မကောင်းဖြစ်စေလေသည်။