Part _ 11

203 28 3
                                    

UNICODE

ရှင်းမ် ယနေ့မနက် အစောကြီးနိုးလာခဲ့လေသည်။ ကုတင်ဘေးမှစားပွဲပေါ်ရှိနာရီကိုလှမ်းကြည့်လိုက်သော် မနက်ငါးနာရီသာရှိသေးသည်။ အစောကြီးရှိသေးပေမယ့် ရှင်းမ်ပြန်အိပ်လို့မရတော့မှန်း သိနေလေသည်။ မျက်နှာကျက်ကိုသာစိုက်ကြည့်နေရင်း အတွေးနယ်ချဲ့နေလေသည်။

ဒီနေ့က ရှင်းမ်ဘဝမှာ ဘယ်တော့မှပြန်မရောက်ချင်တဲ့နေ့။ ရှင်းမ်ဘဝရဲ့ အချစ်ဆုံးလူတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့နေ့ပင်။ ထိုသူကရှင်းမ်ရဲ့မေမေပင်။

ရှင်းမ် မျက်လုံးများကိုမှိတ်လိုက်သော် လွန်ခဲ့တဲ့သုံးနှစ်ကအကြောင်းအရာတွေက ရှင်းမ်မျက်လုံးထဲ အနှေးကွက်ဖြင့်ပေါ်လာလေသည်။

လွန်ခဲ့တဲ့သုံးနှစ် ဒီ‌လိုနေ့ မနက်မှာ ရှင်းမ်နဲ့မားနဲ့ စကားများကြသည်။ မားကရှင်းမ်လက်ကိုဆွဲကိုင်ပြီး ရှင်းမ်ကိုငိုယို၍တောင်းပန်နေခဲ့သည်။ ဒါပေမယ့် ရှင်းမ်မျက်နှာကိုတစ်ဖက်လှည့်ထားရင်း မားမျက်ရည်တွေကိုမမြင်ချင်ယောင်ဆောင်ပြီး အားကိုးတကြီးဆုပ်ကိုင်ထားတဲ့မားရဲ့လက်တွေကို ရှင်းမ်ကိုယ်တိုင်ရက်ရက်စက်စက် ဆွဲဖြုတ်ပြီး လှည့်ထွက်သွားခဲ့သည်။

မထင်ထားခဲ့ဘူး။ အဲ့ဒီအချိန်ဟာ ရှင်းမ် မားနဲ့နောက်ဆုံးစကားပြောခဲ့ခြင်းဆိုတာကို။

အဲ့ဒီနေ့ညနေ ရှင်းမ်အိမ်ပြန်လာတော့ မနက်ကကိစ္စအတွက် မားကိုတောင်းပန်ရန် အခန်းထဲသို့သွားခဲ့သော်လည်း တွေ့လိုက်ရသည်က သွေးအိုင်ထဲတွင်လဲနေသည့် မားကိုပင်။

ရှင်းမ် ရင်ဘတ်ထဲရှိနှလုံးသားက အခုန်မြန်နေပြီး မှိတ်ထားသောမျက်လုံးထောင့်များဆီမှ မျက်ရည်များစီးကျလာလေသည်။ ထိုမျက်ရည်များအား ရှင်းမ်လက်ခုံဖြင့် ဖိသုတ်လိုက်ပြီး အိပ်ရာမှထကာ ရေချိုးခန်းထဲသို့ဝင်သွားလေသည်။

ရေချိုးပြီးနောက် အဝတ်ဗီရိုထဲမှ အနောက်တိုင်းဝတ်စုံအနက်ရောင်အားထုတ်၍ ဝတ်ဆင်လိုက်လေသည်။ ရှင်းမ် မှန်ထဲတွင်ပေါ်နေသော ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်လေ၏။ ငိုထားသောကြောင့် မျက်လုံးများမှာအနည်းငယ်နီရဲနေပြီး မျက်နှာမှာ ပကတိကြည်လင်ဖွေးသန့်နေသော်လည်း အပြုံးသေးသေးလေးတောင်ရှိမနေချေ။

Near And DearWhere stories live. Discover now