UNICODE
((ဒီအပိုင်းတွေက လွန်ခဲ့တဲ့သုံးနှစ်ကအကြောင်းတွေကို နောက်ကြောင်းပြန်မှာဖြစ်ပါတယ်))
လွန်ခဲ့တဲ့သုံးနှစ် ရှင်းမ် အလယ်တန်းကျောင်းသားဘဝ။ အပူအပင်မရှိ သူငယ်ချင်းတွေနဲ့စာသင်လိုက် ပျော်ပါးလိုက်နဲ့ ရှင်းမ်ဘဝရဲ့အပျော်ဆုံးအချိန်တွေဖြစ်ခဲ့တယ်။
ရှင်းမ်ဘဝရဲ့အဆိုးဆုံးအရာတွေ စတင်ဖို့အစပျိုးခဲ့တဲ့နေ့....
အဲ့ဒီနေ့က ရှင်းမ်အရင်နေ့တွေလိုပဲ ကျောင်းချိန်ပြီးတော့ သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘောဆော့ပြီး အိမ်ပြန်လာခဲ့တယ်။
ရှင်းမ်တို့ရပ်ကွက်က လူကုံထံတွေနေတဲ့ရပ်ကွက်မို့လို့ တိတ်ဆိတ်နေတယ်။ ရှင်းမ် နားကြပ်တပ်ကာသီချင်းနားထောင်ရင်း စက်ဘီးစီးလာခဲ့တယ်။
အိမ်သွားတဲ့လမ်းဘက်ကိုကွေ့လိုက်တဲ့အခါ အိမ်ရှေ့မှာကားအနက်ရောင်တစ်စီးရပ်ထားပြီး ထိုကားထဲမှအမျိုးသမီးတစ်ယောက်ထွက်လာခဲ့တယ်။ ရှင်းမ်၏မေမေပင်။
ရှင်းမ် လှမ်းခေါ်မည်အလုပ် တစ်ဖက်မှ အမျိုးသားတစ်ယောက်လည်းဆင်းလာလေသည်။ ရှင်းမ် တစ်ခါမှမမြင်ဖူးပေ။ မားရဲ့လုပ်ဖော်ကိုင်ဖက်များလား။
ရှင်းမ် ထိုသို့တွေးနေစဉ် ထိုအမျိုးသားမှာ မားရှိရာသို့သွားပြီး မားကိုဖက်လိုက်လေသည်။
ရှင်းမ်မျက်နှာတွင် အံ့ဩထိတ်လန့်မှုနှင့် အလိုမကျမှုများတစ်ပြိုင်တည်းထွက်ပေါ်လာလေသည်။
အခုသူမြင်လိုက်ရတာ ဘာလဲ။ သူထင်သလိုတော့မဟုတ်ဘူးမလား။ ဟင့်အင်း မားကအဲ့လိုလူမျိုးမဟုတ်ဘူး။ ဒီအတိုင်း မားနဲ့အရမ်းခင်တဲ့မိတ်ဆွေတစ်ယောက်ယောက်ဖြစ်မှာပါ။
ရှင်းမ် ထိုသို့တွေးလိုက်ပြီး ဟိုလူလည်းပြန်သွားပြီဖြစ်သောကြောင့် အိမ်ထဲသို့ဝင်လာခဲ့လေသည်။
အိမ်ထဲသို့ရောက်သော် မားရှိနေမည့်ထမင်းစားခန်းသို့ ဝင်သွားလိုက်လေသည်။
"မား ခုနကလူကဘယ်သူလဲ"
ရေသောက်နေသောမားက ဖန်ခွက်ကိုင်ထားရင်း ရှင်းမ်ကိုလှည့်ကြည့်လေသည်။