UNICODE
နောက်ဆုံးတော့ ကျောင်းသားကျောင်းသူများ မျှော်လင့်နေသည့် ဈေးရောင်းပွဲတော်နေ့ရက်လေးကို ရောက်ရှိလို့လာပါပြီ။
ကျောင်းအရှေ့ဘက်ရှိ ဘောလုံးကွင်းကြီးထဲတွင် အတန်းအလိုက် ယာယီတဲများထိုး၍ တော့ပိုကီ၊ ရေညှိထမင်းလိပ် အစရှိသည့်မုန့်ဆိုင်များအပြင်၊ handmadeပစ္စည်းအရောင်းဆိုင်များ၊ စာပေဝါသနာပါသူများအတွက် စာအုပ်ဆိုင်များ စသဖြင့်ဆိုင်ပေါင်း20ခန့်ရှိလေသည်။ ယင်းဆိုင်များတွင် ကိုယ့်အခန်းအလိုက် ဆရာ၊ဆရာမများ၊ အတန်းခေါင်းဆောင်ကျောင်းသားကျောင်းသူများက တာဝန်ယူရောင်းချလျက်ရှိလေသည်။
တစ်ကျောင်းလုံး ရှုပ်ယှက်ခတ်စည်ကားလျက်ရှိပြီး ကျောင်းသားကျောင်းသူများကလည်း မိမိတို့သူငယ်ချင်းများနှင့်အတူ မိမိတို့ကြိုက်နှစ်သက်ရာဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပျော်ပျော်ပါးပါး ဝယ်ယူအားပေးနေကြလေသည်။
ထိုသို့ အားလုံးပျော်ရွှင်နေချိန်တွင် ရှင်းမ်ကတော့ မပျော်နိုင်ပေ။ အကြောင်းကတော့ ယွန်းဂျီယောင်းကြောင့်ပင်။
မနက်ကတည်းက သူ့ကိုဇွတ်တရွတ်ဆွဲခေါ်လာကာ သူသွားသမျှနေရာတိုင်းလိုက်ပေးနေရပြီး စားချင်သမျှဝယ်ကျွေးနေရ၏။ အစကတော့ရှင်းမ်လည်း ခဏတဖြုတ်ပဲထင်၍ အားနာနာနှင့် သူ့အလိုလိုက်ပေးနေသော်လည်း ကြာတော့ စိတ်မရှည်တော့ချေ။ မပြီးနိုင်မစီးနိုင်နှင့် တော်တော့်ကိုအရစ်ရှည်နေလေသည်။
အရိပ်ပြလို့အကောင်မမြင်။ သူ့နဲ့ဆက်မလိုက်ချင်တော့ကြောင်း တိုက်ရိုက်ပြောလျှင်လည်း လူကြားထဲ မိန်းကလေးတစ်ယောက်ကိုအခုလိုပြောရမလားဆိုပြီး ကိုယ်ကသဘောထားသေးသိမ်ရာကျဦးမည်။ ထို့ကြောင့် မျက်နှာခပ်တည်တည်ထား၍ မေးသမျှဘုကလန့်ချည်းပြန်ဖြေပြီး စိတ်မရှည်တော့ကြောင်းအရိပ်အယောင်ပြသော်လည်း အရိပ်အကဲမသိတဲ့ယွန်းဂျီယောင်းကတော့ ရှင်းမ်လက်ကိုဆွဲ၍ တစ်ကျောင်းလုံးမြင်အောင်ပတ်နေလေသည်။
ရှင်းမ်တွဲလာသမျှမိန်းကလေးတွေထဲမှာ ယွန်းဂျီယောင်းအဆိုးဆုံးလို့ပင် ပြောလို့ရလေသည်။ ရှင်းမ်ရဲ့အရင်exတွေထဲမှာ သူ့လောက်စကားများတဲ့သူလည်းမရှိသလို အရိပ်အကဲနားမလည်၊ ဘာပြောပြောမနာတတ်တဲ့သူလည်းမတွေ့ဖူးပေ။