1(Zawgyi)

3.9K 198 0
                                    

အပိုင်း-၁

"ရိပေါ်..."

ခပ်အုပ်အုပ်တိုးတိုးလေး ခေါ်လာသည့်အသံပေမဲ့ လူရှင်းနေသည်မို့ ဝမ်ရိပေါ်ကောင်းကောင်းကြားနိုင်သည်။ ထို့ကြောင့်စက်ဘီးကို ကျွီခနဲမြည်အောင်အရှိန်သတ်လို့ လှည့်ကြည့်လိုက်တော့ ဆံပင်ရှည်တွေလွင့်အောင် မြန်မြန်လေးပြေးလာတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒါက...အလယ်မှာလမ်းတစ်လမ်းသာခြားတဲ့  တစ်ဖက်မိန်းကလေးသီးသန့်ကျောင်းက အလှ‌ပန်းလေးတစ်ပွင့်‌ပေါ့။ သူ့နာမည်ကို ရိပေါ်ကောင်းကောင်းမသိပါ။ သိစရာလည်းလိုမယ်မထင်ဘူး။

"ရိပေါ်..ဒီနေ့ကျောင်းနောက်ကျတာလား"

"ပုံမှန်ပါပဲ"

"အာ..ဟုတ်လား..ငါနင့်အတွက် ချောကလက်လေး ကိုယ်တိုင်လုပ်လာတာ"

"ငါ ချောကလက်မကြိုက်ဘူး...သူငယ်ချင်းတွေနဲ့ပဲ ဝေမျှစားလိုက်"

ဝမ်ရိပေါ် ပြောပြီးတာနှင့်ချက်ချင်းစက်ဘီးကိုပြန်နင်းကာ ထွက်လာခဲ့တော့သည်။ အနောက်ကကောင်မ‌လေးကတော့ ဘူးလေးကိုကိုင်ပြီး ငူငူငိုင်ငိုင်နှင့်ကျန်ခဲ့လေသည်။

ဝမ်ရိပေါ်က အေးစက်ပြီးပြတ်သားလွန်းသည်။
သူက နှလုံးသားမရှိတဲ့သူလို့တောင် အချို့ကောင်မလေးတွေကြား နာမည်ကြီးသည်။

ဝမ်ရိပေါ်တို့ကျောင်းက ယောင်္ကျားလေးသီးသန့်ကျောင်းဖြစ်ပြီး တစ်ဖက်ကျောင်းက မိန်းက‌လေးသီးသန့်ကျောင်းဖြစ်သည်။ ကပ်ရပ်ဖြစ်နေတာမဟုတ်သလို ကျောင်းပေါက်ဝကလည်း ဆန့်ကျင်ဘက်ကို လှည့်ထားပြီး အလယ်က လမ်းသွယ်လေးကို ကျောပေးထားတဲ့ကျောင်းနှစ်ကျောင်း။

ကျောချင်းကပ်ထားပေမဲ့လည်း တစ်ခါတစ်လေ မျက်နှာချင်းဆိုင်တွေ့ရတဲ့အခါမျိုးတွေလည်းရှိသည်လေ။ ထိုတော့ ဝမ်ရိပေါ်ကို သိတာမဆန်းသလို ကျောင်းသူ‌ချောချောအချို့ကလည်း ဝမ်ရိပေါ်တို့ကျောင်းမှာ ရေပန်းစားတာမဆန်းဘူး။

"ကျောင်းသား.."

ရိပေါ် စက်ဘီးထားနေတုန်း အနားကိုလာရပ်တဲ့ လူတစ်ယောက်။ တိတိကျကျပြောရရင် ယောင်္ကျားလေးတစ်ယောက်ပေါ့။ သို့ပေမဲ့အဲ့လူမှာ အရှေ့ကယောင်္ကျားလေးဆံပင်ပုံစံရှိပေမဲ့ အနောက်ဖက်ကို  မညီမညာနဲ့ အရှည်ထားထားတဲ့ ထူးထူးဆန်းဆန်း ဆံပင်စတိုင်ရှိသည်။ မျက်မှန်ခပ်ပါးပါးတပ်ထားတဲ့ အဲ့လူကို ‌ဝမ်ရိပေါ်ကြည့်လိုက်တော့ အဲ့လူက မျက်လုံးဘေးမှာ အကြောင်းလေးတွေပေါ်အောင်ထိ ပြုံးပြလာသည်။

肖老师 (Xiao Laoshi) •Complete•Donde viven las historias. Descúbrelo ahora