Unicode
"မောင်မယ်သစ်လွင်ကြိုဆိုပွဲ" ဟု စာတန်းဖော်ထားသည့် အခန်းထဲတွင် လူနှစ်ယောက်သာရှိသည်။ ယောက်ျားလေးနှစ်ယောက်။
နွေဦးမောင်နှင့်စောနရီ။ နှစ်ယောက်လုံးက စကားတစ်ခွန်းမဟသောကြောင့် တိတ်ဆိတ်နေသည့် ဝန်းကျင်တွင် ကတ်ကြေးချသံ၊ကတ်ကြေး ကိုက်သံ နှင့်ပစ္စည်းအနည်းငယ်ရွေ့သည့်အသံသာရှိသည်။"ဂန္ဓမာအဖြူတစ်ပွင့်လောက် လက်ဆင့်ကမ်းပေးပါလား။"
"ဪ ဟုတ်ကဲ့ဟုတ်ကဲ့..."
စောနရီ ပြာပြာသလဲ ယူပေးလိုက်တော့ နွေဦးမောင်က လက်လှမ်းယူရင်း သူ့ကိုပြုံးပြပြန်သည်။ လက်ထိပ်ချင်းမတော်တဆထိသွားတော့ အမြန်ဆုံးပြန်ရုတ်သိမ်းလိုက်သူမှာ စောနရီပင်။ ထိခတ်သွားသည့် လက်ထိပ်လေးကို လည်းအသည်းအသန် ပွတ်နေမိသူမှာလည်း သူပင်။
နွေဦးမောင် သူ့ကို ပြုံးပြနေတာ ၅ခေါက်ရှိနေလေပြီ။ သူကိုယ်သူ လိုက်လျောညီထွေမဖြစ်ဘူးလို့ ခံစားနေရသည်။ပြန်ပြုံးပြဖို့ရန်ပင်ခက်ခက်ခဲခဲရှိလှသည်။ အတွေးများကလည်းယောက်ယက်ခတ်နေကာ လက်ကလည်း တဖြုတ်ဖြုတ်နှင့် ဂန္ဓမာပန်းရှိ အောက်ခြေအရွက်များကို ဖြုတ်နေမိလေသည်။"အပွင့်တွေပါခြွေတော့မို့လားဟင်။"
နွေဦးမောင်က ထပ်ဆိုတော့ သူ လက်ထဲကပန်းကိုငုံ့ကြည့်လိုက်သည်။အရွက်မရှိတော့ပဲ ထိပ်ရှိအပွင့်အဖြူသာ ငွားငွားစွင့်စွင့်ကျန်နေတော့သည်။သူ ပြာသွားရပြန်သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ ဘယ်လိုလုပ်ရမလဲ။"
နွေဦးမောင်သည် မရယ်ဘဲမနေနိုင်တော့ရာ လေသံကလေးဖြင့်ရယ်လိုက်သည်။ပြီးမှ
"ဘာမှမဖြစ်ပါဘူး နရီရဲ့။ခဏနေ ဓမ္မာရုံမှာ ဘုရားပန်းကပ်ဖို့ လာယူတဲ့အခါ ထည့်ပေးလိုက်ရင် သူတို့ အဆင်ပြေအောင် ပန်းအိုးထိုးလိမ့်မယ်။ဘာမှမဖြစ်ဘူး။စိတ်မပူနဲ့။"ဤသို့နှယ်အစပြုရင်းသူတို့နှစ်ယောက်ကြားတွင်
စကားလုံးတွေ စိတ်လာသည်။
"ကျွန်တော် လာကူမှ ပိုဆိုးနေပြီထင်တယ်။""မဟုတ်တာ။ နရီက မောင့်ကို အများကြီးကူညီလိုက်ပါတယ်။"
နွေဦးမောင်သည် ပြောနေရင်းသတိရသွားဟန်ဖြင့် စကားဆက်သည်။
"ဟုတ်သားပဲ။ ကိုယ့်ကိုယ် ကိုယ် မောင်လို့ ပြောနေမိတာ အဆင်ပြေရဲ့လားမသိဘူး။ နည်းနည်းနှုတ်ကျိုးနေလို့။"
YOU ARE READING